အန်ဖီးလ်မှာ ထူးခြားတဲ့အရာတစ်ခုခု လုပ်ပြနိုင်မယ်လို့ အန်းစလော့ယုံကြည်နေ
ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်နေတဲ့ လီဗာပူးနည်းပြ အန်းစလော့က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေနဲ့ စကားပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ ပြင်သစ်နိုင်ငံမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်အတွင်း လီဗာပူးက ၂-၀ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ လီဗာပူးက တစ်ပွဲလုံးနီးပါး ခံစစ်ကိုပဲ အသားပေးကစားခဲ့လို့ ဥရောပချန်ပီယံတွေအတွက် နှစ်ဂိုးထက်တောင် ပိုရသင့်တယ်လို့ ခံစားခဲ့ရပါတယ်။
အခုတော့ ပီအက်စ်ဂျီက သူတို့ရဲ့အလုပ်ကို အပြီးသတ်ဖို့ မာဆေးဆိုဒ်ဆီ ရောက်လာဖို့ရှိနေပြီး လီဗာပူးကလည်း ဥရောပချန်ပီယံဆုကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ လီဂူးဝမ်းအသင်းကြီးကို အန်ဖီးလ်ကွင်းအားသာချက်နဲ့အတူတားဆီးသွားနိုင်ဖို့ ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်း၊ ဖူလ်ဟမ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ အန်းစလော့က လွန်ခဲ့တဲ့ခုနစ်နှစ်၊ ဆီမီးဖိုင်နယ်အဆင့်မှာ ဘာစီလိုနာကို ၄-၀ ဂိုးဖြင့် အနိုင်ယူပြီး နောက်တစ်ဆင့်တက်ခဲ့တဲ့ပွဲစဉ်ကို နမူနာယူဖို့ သူ့ရဲ့ကစားသမားတွေဆီ ပြောကြားခဲ့ပါတယ်။
"ပထမဆုံးအနေနဲ့ ကစားသမားတွေကို လက်ရှိရလဒ်က ၂-၀ ဂိုးဆိုတာ သတိပေးခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ပွဲကစားပုံက ကွဲပြားနိုင်ပေမဲ့ နောက်ဆုံးရလဒ်ကတော့ ၂-၀ ဂိုးပါပဲ။ ဒုတိယအချက်ကတော့ ဒီရာသီက ပွဲကြီးပွဲကောင်းတွေမှာ ကျွန်တော်တို့ အကောင်းဆုံးခြေစွမ်းပြနိုင်တယ်ဆိုတာ အကြိမ်ကြိမ် သက်သေပြခဲ့ပြီးသားပါ။ ကျွန်တော်တို့မှာ မတူညီတဲ့ပုံစံမျိုးစုံရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ပွဲကြီးတွေမှာတော့ အကောင်းဆုံးကစားနိုင်ခဲ့တာ များပါတယ်။"
"ကျွန်တော့်လက်ထက် အိမ်ကွင်း ၄၉ ပွဲမှာ ၃၆ ပွဲက ၂ ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ပဲ ၄၉ ပွဲလုံး ကစားခဲ့တာ မဟုတ်ပေမဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ဘက်တွေကလည်း အရမ်းတောင့်တင်းလွန်းပါတယ်။ ဒါကြောင့် မနက်ဖြန်မှာ ထူးခြားတဲ့အရာတစ်ခုခု လုပ်ပြနိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်၊ ဒါပေမဲ့ ဒါကိုအောင်မြင်ဖို့အတွက် ကျွန်တော်တို့ တကယ်ကို ထူးထူးခြားခြားကောင်းမွန်နေဖို့ လိုပါတယ်။ ဥရောပချန်ပီယံနဲ့ ကစားရမှာဖြစ်လို့ အလုပ်က ပိုခက်ခဲပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး" လို့ အန်းစလော့က ဆိုပါတယ်။
ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့မှုက အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံးငါးပွဲအနက် လီဗာပူးအတွက် လေးကြိမ်မြောက် အနိုင်ရရှိမှုဖြစ်ပြီး ၁၅ ဂိုးအထိ သွင်းယူကာ ရှုံးပွဲလည်း မရှိခဲ့ပါဘူး။ အားသာချက်တွေ လိုအပ်နေတဲ့ လီဗာပူးအသင်းအတွက် ပရိသတ်တွေက အရေးကြီးတဲ့အခန်းကဏ္ဍမှတဆင့် ပါဝင်လာလိမ့်မယ်လို့ အန်းစလော့က ပြောပါတယ်။
"ကျွန်တော်တို့ရဲ့ခြေစွမ်းအတိုင်းပဲ ပရိသတ်တွေကလည်း အရေးကြီးပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထက် အများကြီးပိုကောင်းဖို့ လိုပါတယ်။ ပီအက်စ်ဂျီကစားသမားတွေက အန်ဖီးလ်အကြောင်း သိထားပြီးသားဆိုပေမဲ့ ကျွန်တော်တို့ ပရိသတ်တွေက ပြီးခဲ့တဲ့ရာသီထက် ပိုပြီး အားပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ရာသီအငွေ့အသက်တွေက မယုံနိုင်စရာကောင်းခဲ့ပေမဲ့ ကျွန်တော်တို့ ပရိသတ်တွေက အဲဒီထက် ပိုကျယ်လောင်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ အခုက အဲဒီလိုအားပေးမှုမျိုးလည်း လိုအပ်နေလို့ပါ" လို့ ၎င်းက ဆိုပါတယ်။
နောက်ဆုံးမှာတော့ ဆလော့က နောက်ဆုံးအဝေးကွင်း ၄ ပွဲလုံး နိုင်ထားပြီး ၃ ပွဲဆက် ဂိုးမပေးရအောင် ကစားထားတဲ့ ပီအက်စ်ဂျီကို အနိုင်ယူဖို့ လိုအပ်ချက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။
"နောက်တစ်ဆင့်တက်ဖို့ ထူးခြားတဲ့ခြေစွမ်းမျိုး လိုအပ်တယ်ဆိုတာ သိပါတယ်၊ ဒါက ဥရောပချန်ပီယံနဲ့တွေ့ရင် ဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေပါ။ ကျွန်တော်တို့ အရင်က နှစ်ဂိုးထက်ပိုပြီးသွင်းနိုင်ခဲ့တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ အခုလောလောဆယ်တော့ လက်ရှိအလုပ်ကိုပဲ အာရုံစိုက်ပြီး ပွဲစကတည်းက တိုက်စစ်ဖွင့်ကာ ဂိုးတွေသွင်းပြီး ရလဒ်ကို ပြန်အမီလိုက်ရပါမယ်။ သူတို့ကလည်း အရင်ဆုံးဂိုးရအောင် ကြိုးစားသွားမယ်ဆိုတာကို သိထားသလို ကျွန်တော်တို့ကလည်း ဦးဆောင်ဂိုးရဖို့ ကြိုးစားသွားပါမယ်" လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။