မန်စီးတီးနဲ့ပွဲစဉ်အပြီး အထင်အမြင်လွဲမှားမှုအတွက် လီဗာပူးပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ဆိုဘိုဆလိုင်း
လတ်တလော မန်စီးတီးကိုရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီး သူ့ရဲ့ကိုယ်အမူအရာနဲ့ပတ်သက်ပြီး "အထင်အမြင်လွဲမှားမှု" ရှိခဲ့တယ်လို့ လီဗာပူးကွင်းလယ်လူဆိုဘိုဆလိုင်းက ပြောကြားခဲ့ပြီး ပရိသတ်တွေဆီ တောင်းပန်လိုက်ပါတယ်။
ကွာတားဖိုင်နယ်မှာ မန်စီးတီးကို ၄-၀ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးကစားသမားတွေကိုယ်တိုင် ပရိသတ်တွေကို သွားရောက်လက်ခုပ်တီးနှုတ်ဆက်ချိန်မှာ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲ့ဒီအချိန်မှာ ဆိုဘိုဆလိုင်းက ပခုံးတွန့်ပြတာ၊ လက်နှစ်ဖက်မြှောက်ပြတာနဲ့ လက်ခုပ်တီးတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါကို ပရိသတ်တွေက သူ့အပေါ် ဆဲဆိုလှောင်ပြောင်တာကို ပြန်လည်ပြီး ရွဲ့တာ ဒါမှမဟုတ် စိတ်ပျက်တာကို ပြသတယ်လို့ အဓိပ္ပာယ်ကောက်ယူခဲ့ကြပါတယ်။
ဟန်ဂေရီကွင်းလယ်လူကို အသင်းဖော်ချီယေဆာ ဆွဲခေါ်သွားခဲ့ရပေမဲ့ ဆိုဘိုဆလိုင်းကတော့ အင်္ဂါနေ့မှာ ကစားမယ့် လက်ရှိချန်ပီယံပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် အဆိုပါဖြစ်ရပ်နဲ့ ပတ်သက်ပြီး အေးအေးဆေးဆေး ပြန်လည်ရှင်းပြခဲ့ပါတယ်။
"ကျွန်တော်နဲ့ ပရိသတ်တွေကြားမှာ တစ်ခုခု အထင်အမြင်လွဲသွားတာ ဖြစ်နိုင်ပါတယ်" လို့ တနင်္လာနေ့မှာ သူက သတင်းထောက်တွေကို ပြောပါတယ်။ "ကျွန်တော် မကောင်းတဲ့ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာ မဟုတ်ပါဘူး။ ပရိသတ်တွေက အသင်းအတွက် ဘယ်လောက်အရေးပါတယ်၊ အသင်းကလည်း ပရိသတ်တွေအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိပါတယ်။ ပရိသတ်တွေက ကျွန်တော်တို့အတွက် အားပေးသလိုပဲ ကျွန်တော်တို့ကလည်း ပရိသတ်တွေအတွက် အစွမ်းကုန်ကြိုးပေးပါတယ်။ ဒါက အထင်အမြင်လွဲမှားမှုဆိုရင်တော့ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်က သူတို့ထက် ပိုသာတယ်လို့ မခံစားရပါဘူး၊ သူတို့ခံစားရသလိုပဲ ကျွန်တော်လည်း အတူတူခံစားရပါတယ်။ ကျွန်တော်က သူတို့နဲ့အတူရှိနေသလို အသင်းကလည်း သူတို့နဲ့အတူ ရှိနေပါတယ်။ သူတို့လည်း ကျွန်တော်တို့နဲ့အတူ ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဆိုပါတယ်။
လီဗာပူးအသင်းက ပီအက်စ်ဂျီကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှ နှစ်ရာသီဆက်ထွက်ခွာရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်၊ ပါရီမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ အန်းစလော့ရဲ့အသင်းက အန်ဖီးလ်ကွင်းမှာ လက်ရှိချန်ပီယံအသင်းကို အံ့အားသင့်ဖွယ်ကျော်ဖြတ်နို်ငဖို့ အခက်ခဲဆုံးအလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ပြသွားရပါတော့မယ်။
"ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားပါမယ်။ မနက်ဖြန်(အင်္ဂါနေ့)ပွဲစဉ်မှာ ကွင်းထဲမှာတင် အသေခံပြီး အကောင်းဆုံး ကြိုးစားကစားသွားပါမယ်" လို့ ဆိုဘိုဆလိုင်းက ပြောပါတယ်။
"ပထမအကျော့နဲ့မတူတဲ့ ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ အရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့ ကစားသွားပါမယ်။ ကစားသမားအားလုံးကိုယ်စား ကျွန်တော် ပြောနိုင်တာကတော့ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရချင်စိတ် ပြင်းပြနေကြပါတယ်။ အန်ဖီးလ်ကွင်းမှာဆိုရင်တော့ တစ်ပွဲတည်းနဲ့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။