တော့တင်ဟမ်အသင်း တန်းဆင်းသွားရနိုင်တယ်လို့ သုံးသပ်လိုက်တဲ့ ကာရေဂါ
လီဗာပူးလ်ဂန္ထဝင်ကာရေဂါက ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ဆန်းဒါးလန်းကို ရှုံးနိမ့်ခဲ့တဲ့ တော့တင်ဟမ်ကို တန်းဆင်းဇုန်အန္တရာယ်နဲ့ သေချာပေါက်ရင်ဆိုင်နေရတဲ့အသင်းလို့ ယူဆနေပါတယ်။
နည်းပြသစ်ဒီဇာဘီကိုင်တွယ်တဲ့ ပထမဆုံးပွဲစဉ်မှာတင် တော့တင်ဟမ်က အလင်းရောင်ကွင်းကြီးမှာ ၁-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ သောကြာညပိုင်း၊ ဝုဗ်ကို ဝက်စ်ဟမ်တို့ အနိုင်ရရှိမှုနဲ့အတူ တော့တင်ဟမ်က အမှတ်ပေးဇယားရဲ့အောက်ဆုံးသုံးသင်းစာရင်း(တန်းဆင်းဇုန်)မှာ ရှိနေခဲ့ပါတယ်။
"ပုံမှန်အားဖြင့်တော့ နည်းပြသစ်တစ်ဦးရောက်လာရင် 'ဒါ သူ့ရဲ့ပထမဆုံးပွဲစဉ်ပဲ၊ ကစားကွက်ပုံစံ (Style of play) တွေကိုတော့ ခေတ္တဘေးဖယ်ထားရမယ်' လို့ ပြောလေ့ရှိကြပါတယ်" လို့ ကာရေဂါက Sky Sports မှာ ပြောကြားခဲ့ပါတယ်။
"သူတို့အသင်းရောက်ရှိနေတဲ့အခြေအနေကြောင့် တူဒေါလက်ထက်တုန်းကလည်း ဒီအတိုင်းပဲ ဘေးဖယ်ထားခဲ့ရသလို အခု ဒီဇာဘီအတွက်လည်း အတူတူပဲ ဖြစ်ပါတယ်။
ကျွန်တော် ဒါကို မယုံနိုင်အောင် ဖြစ်မိပါတယ်။ တော့တင်ဟမ်ကတော့ တန်းဆင်းရမယ့်ပုံ ပေါက်နေပါပြီ။ တခြားအသင်းတွေမှာတော့ တစ်ခုခုမျှော်လင့်နိုင်သေးပေမဲ့ သူတို့ကတော့ ၂၄ မှတ်မှာ ၁ မှတ်ပဲ ရထားပါတယ်" လို့ ဆိုပါတယ်။
ဆက်လက်ပြီး ကာရေဂါက "ပွဲစဉ်ဇယားတွေကို ကြည့်လိုက်ရင် တော့တင်ဟမ်အတွက် ပွဲကောင်းပဲလို့ ထင်စရာရှိပေမဲ့ သူတို့က တကယ်ကို ညံ့ဖျင်းလွန်းနေပါတယ်။ အခုအချိန် ဇယားအောက်ဆုံးမှာရှိတဲ့ ဝုဗ်အသင်းဆီ သွားကစားချိန် တော့တင်ဟမ် နိုင်လိမ့်မယ်လို့ ခင်ဗျားတို့ ထင်သလား? ဘယ်လိုမှ မဖြစ်နိုင်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။