မန်စီးတီးနဲ့အတူ ချန်ပီယံတိုက်ပွဲမှာ ပါဝင်လာလို့ စိတ်လှုပ်ရှားနေတဲ့ ဂူဟီ
မန်စီးတီးနောက်ခံလူဂူဟီက တနင်္ဂနွေနေ့၊ ချဲလ်ဆီးအပေါ် အနိုင်ယူခဲ့တဲ့ပွဲစဉ်ကို အသင်းတစ်ခုလုံးစုပေါင်းအားထုတ်မှုရဲ့ရလဒ်အဖြစ် တင်စားလိုက်ပါတယ်။
မန်စီးတီးတို့ သုံးဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ စတမ်းဖို့ဘရစ်ချ်ပွဲစဉ်မှာ ဂူဟီက အသင်းအတွက် သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် မန်စီးတီးက အမှတ်ပေးဇယားထိပ်ရှိ အာဆင်နယ်နဲ့ အမှတ်ကွာဟချက်ကို ခြောက်မှတ်အထိ လျှော့ချနိုင်ခဲ့ပြီး လာမယ့်သီတင်းပတ်မှာလည်း မြောက်လန်ဒန်ကလပ်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ကစားသွားရပါမယ်။ ဒါ့အပြင် မန်စီးတီးက အာဆင်နယ်ထက် တစ်ပွဲလျော့ ကစားထားပါသေးတယ်။
ပွဲအပြီးမှာ ဂူဟီက "ကျွန်တော်တို့တွေ အထူးသဖြင့် ဒုတိယပိုင်းမှာ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ပိုကောင်းအောင်၊ ပိုတိုးတက်အောင်ပဲ အမြဲကြိုးစားနေပါတယ်" လို့ ဆိုပါတယ်။
"အသင်းမှာ ချာကီလိုကစားသမားမျိုး ရှိနေတယ်ဆိုတာ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်။ အခုကတော့ စိတ်ကိုအေးအေးထားပြီး ခန္ဓာကိုယ်ပြန်လည်အနားယူဖို့နဲ့ နောက်လာမယ့်ပွဲကိုပဲ အာရုံစိုက်သွားဖို့ လိုပါတယ်"
"ဒီနေ့မှာ အလုပ်ဖြစ်ဖို့က အရေးကြီးဆုံးဖြစ်ပြီး ကျွန်တော်တို့ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် နောက်လာမယ့်ပွဲစဉ်ဆီပဲ အာရုံစိုက်လို့ရပါပြီ။ ဒီနေ့မှာ လူတိုင်းက ကိုယ့်တာဝန်ကိုယ် ကျေပွန်ခဲ့ကြပါတယ်။ ကူညီပေးခဲ့ကြတဲ့သူအားလုံးကို ကျေးဇူးတင်ပြီး နောက်ပွဲစဉ်တွေဆီ ဆက်သွားကြရပါမယ်" လို့ ပြောခဲ့ပါတယ်။
ချန်ပီယံဆုတိုက်ပွဲမှာ ပါဝင်နေရမှုအပေါ် ဂူဟီက "ဒါ တကယ့်ကို ကောင်းမွန်ပြီး စိတ်လှုပ်ရှားစရာပါပဲ" လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။