ပရီးမီးယားလိဂ်တောင်ပံကစားသမားကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်လိုက်တဲ့ ဘိုင်ယန်မြူးနစ်
လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ နယူးကာဆယ်တောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်ကိုခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်း ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Sky Germany ရဲ့ ဖော်ပြချက်အရ ဘွန်ဒက်လီဂါထိပ်သီးကလပ်က သူတို့ရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် အင်္ဂလန်လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ အလေးအနက်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဂေါ်ဒွန်ဟာ လူးဝစ်ဒီယက်ဇ်နဲ့ပွဲထွက်ခွင့်နေရာလုဖို့ ဒါမှမဟုတ် အစားထိုးဖို့အတွက် ဘိုင်ယန်ရဲ့နံပါတ်တစ်ပစ်မှတ် ဖြစ်နေတယ်လို့ သိရပါတယ်။ ကလပ်အသင်းက ဘယ်တောင်ပံမှာ အဓိကအားပြုကစားနိုင်သလို တိုက်စစ်နေရာအနှံ့မှာလည်း ကစားနိုင်တဲ့ အရည်အသွေးမြင့်ကစားသမားတစ်ဦးကို အားတက်သရော ရှာဖွေနေပြီး ဂေါ်ဒွန်ကို ဒီအရည်အချင်းတွေနဲ့ အကိုက်ညီဆုံး ကစားသမားအဖြစ် ရှုမြင်နေပါတယ်။
ဘိုင်ယန်ဘက်က စိတ်ဝင်စားနေတဲ့အကြောင်းကို ကစားသမားဆီ အကြောင်းကြားထားသလို အကြိုဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ ကလပ်အသင်းအချင်းချင်း တိုက်ရိုက်ဆက်သွယ်တာမျိုးတော့ မရှိသေးပါဘူး။ နယူးကာဆယ်ဘက်ကလည်း အသက် ၂၅ နှစ်အရွယ် ကစားသမားကို နွေရာသီနောက်ပိုင်းအထိ ဆက်ထိန်းထားချင်ပါတယ်။
အပြောင်းအရွှေ့ဆွေးနွေးမှုတွေသာ ရှေ့ဆက်တိုးတက်လာမယ်ဆိုရင် ဂေါ်ဒွန်အတွက် အနည်းဆုံးယူရိုသန်း ၆၀ လောက် အကုန်အကျခံရဖို့ ဘိုင်ယန်ဘက်က မျှော်လင့်ထားပါတယ်။ ဂျာမနီချန်ပီယံတွေက ဂေါ်ဒွန်ရဲ့အပြောင်းအရွှေ့ အဆင်မပြေခဲ့ရင် အစားထိုးနိုင်မယ့် တခြားကစားသမားတွေကိုလည်း ကြိုတင်တွက်ချက်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။