ပီအက်စ်ဂျီနဲ့ပွဲစဉ်မတိုင်ခင် လီဗာပူးအတွက် ထိုးနှက်ချက်နှစ်ခု ရှိနေတယ်လို့ အန်းစလော့ဝန်ခံ
လီဗာပူးနည်းပြအန်းစလော့က ပီအက်စ်ဂျီအသင်းနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ကာတစ်ဂျုံးစ်ပါဝင်နိုင်ဖို့ မရှိဘူးလို့ အတည်ပြုပြောကြားလိုက်ပါတယ်။
ကာတစ်ဂျုံးစ်က စနေညပိုင်း၊ ဖူလ်ဟမ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်ပွဲချိန်အပြီး ကွင်းတွင်းမှ လူစားလဲထွက်ခွာလာရပါတယ်။
"သူ့ရဲ့ ပေါင်ခြံမှာ ဒဏ်ရာနည်းနည်းရသွားပါတယ်။ ဒီဒဏ်ရာ နောက်ထပ်မိနစ်အနည်းငယ်လောက်အထိ ခံစားနေရလို့ အဲဒီအချိန်မှာ ပွဲဆက်ကစားဖို့ အခြေအနေ မပေးတော့ဘူး" လို့ အန်းစလော့က Sky Sports ကို ပြောခဲ့ပါတယ်။ "ဒါကြောင့် အခြေအနေ အကောင်းဆုံးဖြစ်ဖို့ မျှော်လင့်ရမှာပါပဲ။ ဒါပေမဲ့ ပွဲစဉ်မှ အခုလို ထွက်သွားရတဲ့ ကစားသမားတစ်ဦးအတွက် အင်္ဂါနေ့ပွဲမှာပြန်ပါလာဖို့ ဆိုတာကတော့ အံဩစရာ ကောင်းနေပါလိမ့်မယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် ဂိုးသမားအလီဆင်လည်း PSG နဲ့ ပွဲစဉ်ကို လွဲချော်ဦးမယ်လို့ အန်းစလော့က ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
"အင်္ဂါနေ့ပွဲမှာ သူပါဝင်လာဖို့ မမျှော်လင့်ထားပါဘူး။ သူ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်သေးပါဘူး" လို့ အန်းစလော့က ပြောပါတယ်။ "ဒါပေမဲ့ ဒဏ်ရာမှ ပြန်သက်သာလာအောင် အလီဆင် အပြင်းအထန်ကြိုးစားနေပြီး မကြာခင်မှာ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ အခုလောလောဆယ်တော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်သေးလို့ အင်္ဂါနေ့ပွဲမှာ ကစားနိုင်ဖို့ မရှိပါဘူး" လို့ ရှင်းပြခဲ့ပါတယ်။