The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ပွဲက ပြီးပြည့်စုံတဲ့ပွဲစဉ်ဖြစ်ခဲ့တယ်လို့ ပြောကြားလာတဲ့ ဘုန်းမောက်နည်းပြ အီရာအိုလာ

အင်္ဂါနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ သွားရောက်ရင်ဆိုင်ကာ ၄-၄ နဲ့သရေကျပြီးနောက် ဘုန်းမောက်နည်းပြ အန်ဒိုနီအီရာအိုလာက အဆိုပါပွဲစဉ်ဟာ အသင်းအတွက် ပြီးပြည့်စုံတဲ့ပွဲစဉ်ဖြစ်ခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။ နှစ်သင်းပေါင်း ၈ ဂိုးအထိသွင်းယူခဲ့ကြတဲ့အဆိုပါပွဲစဉ်မှာ ဘုန်းမောက်ဟာ ယူနိုက်တက်ရဲ့ဦးဆောင်ခြင်းကို ၃ ကြိမ်တိုင်တိုက်ခံခဲ့ရပေမယ့် ချေပဂိုးတွေ အကြိမ်ကြိမ်ပြန်လည်သွင်းယူပြီး အဖိုးတန်သရေတစ်မှတ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

ယခုပွဲစဉ်ရလဒ်ကြောင့် ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၃ နေရာသို့တက်လှမ်းနိုင်ခဲ့ပြီး ယူနိုက်တက်ကလည်း အဆင့် ၄ ကချဲလ်ဆီးနဲ့ ၂ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။  ပွဲအပြီးမှာတော့ ဘုန်းမောက်နည်းပြက "ဒီပွဲက အရာအားလုံးပြည့်စုံခဲ့ပါတယ်။ ရှုံးတော့မယ်လို့ ထင်ခဲ့တဲ့အချိန်တွေရှိခဲ့သလို၊ နိုင်ပြီလို့ ထင်ခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။ ပွဲပြီးကာနီး နောက်ဆုံးမိနစ်တွေမှာ အပိုင်အခွင့်အရေး ၂ ကြိမ်ရခဲ့လို့ အဲဒီတုန်းက နိုင်ပြီလို့ တွေးမိပါသေးတယ်။ ဒါပေမယ့် သရေတစ်မှတ်နဲ့လည်း ကျေနပ်ပါတယ်။ အမှတ်ပေးဇယားမှာ ရပ်တည်မှုကအကောင်းကြီးမဟုတ်ပေမယ့် ဒီနေ့ပွဲကနေ အကောင်းရော၊ အဆိုးတွေပါ သင်ခန်းစာယူနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်"

"ဒီနေ့မှာ ၂ သင်းစလုံး တိုက်စစ်ဖွင့်ပြီး အကြိတ်အနယ်ကစားခဲ့ကြပါတယ်။ အသင်းအနေနဲ့လည်း ခံစစ်ထက် တိုက်စစ်ကပိုကောင်းခဲ့ပါတယ်။ ဒုတိယဂိုးကိုခွင့်ပြုခဲ့ရတာကတော့ အရမ်းလွယ်ကူလွန်းတယ်လို့ထင်ပါတယ်။ သူတို့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူသွားတာဖြစ်ပြီး ဒါက ထူးခြားတဲ့ဂိုးသွင်းယူမှုမျိုးမဟုတ်ပါဘူး"

"ဘာပဲဖြစ်ဖြစ် ပထမပိုင်းကို ကောင်းကောင်းအဆုံးသတ်နိုင်ခဲ့တယ်လို့ထင်ပါတယ်။ ၁-၁ ဖြစ်နေတဲ့အခြေအနေအတိုင်း ပထမပိုင်းကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ခဲ့တာပါ။  ပွဲပြီးသွားတော့ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလားတောင် မသိတော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။