သရဲနီတွေရဲ့ကမ်းလှမ်းမှုတစ်ခု ရရှိခဲ့ဖူးတယ်လို့ ဆိုလိုက်တဲ့ ဝါရင့်ကစားသမားကြီးဂျိမ်းစ်မီလ်နာ
ဘရိုက်တန်အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာက အတိတ်ကာလမှာ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖို့ အခွင့်အရေး ရခဲ့ဖူးတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ သူ့မိသားစုရဲ့လိဒ်စ်ယူနိုက်တက်အသင်းအပေါ် အမြစ်တွယ်နေတဲ့ သံယောဇဉ်တွေကြောင့် အိုးလ်ထရက်ဖို့ဒ်ဆီပြောင်းရွှေ့ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာလို့ သူက ဆိုပါတယ်။
Daily Mail နဲ့ အင်တာဗျူးမှာ မီလ်နာက "တစ်ချိန်က ကျွန်တော့်ဆီမှာ အခွင့်အရေးတစ်ခု ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒါကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။တကယ်လို့သာ ကျွန်တော် ယူနိုက်တက်နဲ့ စာချုပ်ချုပ်ခဲ့မယ်ဆိုရင် ကျွန်တော့်အဖေက ကျွန်တော့်ကို စကားတောင် ပြန်ပြောတော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
မီလ်နာကို ယူနိုက်တက်ဂန္ထဝင် ပေါလ်စခိုးလ်ရဲ့ ပရိသတ်တစ်ယောက် ဟုတ်မဟုတ် မေးမြန်းခဲ့ရာမှာတော့ ဝါရင့်ကွင်းလယ်လူက "ဖြစ်သင့်သလောက်တော့ မနှစ်သက်ခဲ့ပါဘူး။ အနီရောင်ဂျာစီကိုသာ ဖယ်ထုတ်ပြီး ကြည့်မယ်ဆိုရင်တော့ သူဟာ တကယ်ကို အံ့အားသင့်စရာကောင်းတဲ့ ကစားသမားတစ်ဦးပါ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။