တော့တင်ဟမ်တန်းမဆင်းရအောင် ကယ်တင်နိုင်တဲ့သူက သူပဲရှိတယ်လို့ တင်မ်ရှားဝုဒ်ပြော
တော့တင်ဟမ်အသင်းကို တန်းမဆင်းအောင် ကယ်တင်ပေးနိုင်မယ့်သူဟာ သူကိုယ်တိုင်ပဲဖြစ်တယ်လို့ စပါးနည်းပြဟောင်း တင်မ်ရှာဝုဒ်က ပြောကြားလိုက်ပါတယ်။
နိုင်ငံတကာပွဲစဉ်တွေအတွက် အနားမပေးခင်မှာ နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် စပါးအသင်းဟာ တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ယာယီနည်းပြ အိုင်ဂေါတူဒေါရဲ့ အနာဂတ်ဟာလည်း ပိုပြီး မရေမရာ ဖြစ်လာခဲ့ပါတယ်။
"ကျွန်တော်သာဆိုရင် တော်တင်ဟမ်ကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေအောင် လုပ်ပေးနိုင်မှာပါ။ ဆင်ခြင်တုံတရားရှိရှိနဲ့ အခြေခံကျကျ စဉ်းစားတတ်တဲ့သူဆိုရင် အသင်းကို တန်းမဆင်းအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ရှာဝုဒ်က Sky Sports ကို ပြောကြားခဲ့ပါတယ်။
"သူတို့မှာ ဒါကိုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပြီးသားပါ။ ကစားသမားတွေကို စိတ်ဓာတ်ပြန်တက်ကြွလာအောင် လုပ်ပေးဖို့နဲ့ အသင်းထဲမှာ ယုံကြည်မှုတွေ ပြန်ရလာအောင် လုပ်ပေးဖို့ပဲ လိုတာပါ" လို့ ဆိုပါတယ်။
သူက ဆက်လက်ပြီး "ဒါဟာ သိပ်တော့ မခက်ခဲပါဘူး။ ကစားသမားတွေကို နေ့တိုင်း ၁၁ ယောက်ချင်းစီ ယှဉ်ပြိုင်လေ့ကျင့်ပေးရင် သူတို့ ဘယ်နေရာမှာ ဘာလုပ်ရမလဲဆိုတာကို အတိအကျ သိသွားပါလိမ့်မယ်" လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။