နိုင်ငံတကာသီတင်းပတ်ကို ရက်သတ္တပတ်သုံးပတ်ကြာ ပြောင်းလဲကျင်းပရခြင်းရည်ရွယ်ချက်နဲ့ ပရိသတ်တွေအတွက် အကျိုးရှိစေမယ့် ကိစ္စများ
နိုင်ငံတကာသီတင်းပတ်တွေဆီ ရောက်ရှိလာခဲ့ပြီဖြစ်လို့ ဘောလုံးပရိသတ်တွေအတွက် ကလပ်အသင်းပြိုင်ပွဲတွေနဲ့ ရက်သတ္တပတ်သုံးပတ်ကြာ ဝေးကွာရဖို့ရှိနေပြီး ဒီကာလက အတိတ်မှာရှိခဲ့ဖူးတဲ့ အခိုက်အတန့်တွေထက် ပိုမိုကြာမြင့်နေတဲ့အချက်ကို တွေ့လာရပါတယ်။
အခုတစ်ကြိမ်နိုင်ငံတကာသီတင်းပတ်က ပုံမှန်ထက် ပိုမိုကြာမြင့်နေပြီး ကလပ်အသင်းပြိုင်ပွဲတွေကို သုံးပတ်ကြာ ရပ်နားထားရလို့ ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာ ပရိသတ်တွေ ညည်းညူနေကြပါတယ်။
အရင်တုန်းကတော့ ပရီးမီးယားလိဂ်ဘောလုံးရာသီတစ်ခုမှာ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ မတ်လ နိုင်ငံတကာသီတင်းပတ်ဆိုပြီး လိဂ်ယှဉ်ပြိုင်မှုရပ်နားရတာ လေးကြိမ်အထိ ရှိခဲ့ပါတယ်။
ဒီသီတင်းပတ်တစ်ခုချင်းစီမှာ လက်ရွေးစင်အဆင့်ပွဲစဉ် နှစ်ပွဲစီ ပါဝင်လေ့ရှိလို့ ရာသီအစလပိုင်းတွေမှာတင် ကလပ်အသင်းတွေက ယှဉ်ပြိုင်မှုတွေကို ခဏခဏရပ်တန့်လိုက်၊ ပြန်စလိုက် ဖြစ်နေရပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲတွေအတွက် အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။
အခုတော့ ဖီဖာ (FIFA) က ဒီနိုင်ငံတကာသီတင်းပတ်လေးခုအနက် နှစ်ခုကို ပေါင်းစည်းပြီး စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ၁၆ ရက်တာကာလတစ်ခုအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒါက ခေတ်သစ်ဘောလုံးသမိုင်းမှာ အရှည်ကြာဆုံး နိုင်ငံတကာသီတင်းပတ် ဖြစ်လာခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေမရှိတဲ့ အချိန်ကွာဟချက် ၁၉ ရက်အထိ ရှိသွားပါလိမ့်မယ်။
အခုအချိန်မှစလို့ ပြည်တွင်းလိဂ်ဘောလုံးရာသီကျင်းပနေစဉ်အတွင်း နိုင်ငံတကာသီတင်းပတ် သုံးကြိမ်သာ ရှိပါတော့မယ်။ ဒါကြောင့် ကလပ်အသင်းတွေအတွက်လည်း အနှောင့်အယှက် နည်းပါးသွားစေပါလိမ့်မယ်။ နောက်ထပ်နိုင်ငံတကာသီတင်းပတ်တွေကိုတော့ နိုဝင်ဘာ ၉ ရက်မှ ၁၇ ရက်အထိ၊ လာမယ့်မတ်လ ၂၂ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားပါတယ်။
ဘောလုံးရာသီတစ်ခုရဲ့ စတုတ္ထမြောက်နဲ့ ပဉ္စမမြောက် နိုင်ငံတကာသီတင်းပတ်တွေကိုတော့ ကလပ်အသင်းဘောလုံးရာသီအပြီး ဇွန်လနဲ့ ဇူလိုင်လတွေမှာ ကျင်းပသွားပါမယ်။
ပရိသတ်တွေကတော့ ဘောလုံးရာသီအစ ပထမလအနည်းငယ်အတွင်းမှာတင် ကလပ်အသင်းပြိုင်ပွဲတွေနဲ့ သုံးကြိမ်တိုင်တိုင် ဝေးကွာရမှုအပေါ် ငြီးငွေ့နေကြလို့ အခုဆိုရင် အဲ့ဒီလို အနှောင့်အယှက်တွေ လျော့နည်းလာပါတော့မယ်။ ဒါပေမဲ့ လူအများစုအတွက် အဓိပ္ပါယ်မရှိဘူးလို့ သတ်မှတ်ထားတဲ့ နိုင်ငံတကာပွဲစဉ်တွေအတွက် သီတင်းသုံးပတ်ကြာစောင့်ဆိုင်းရမှုကိုတော့ သည်းခံကျော်ဖြတ်သွားဖို့ လိုအပ်ပါလိမ့်မယ်။