The network connection is lost.

Banner Image

ဒါဘီရှုံးပွဲအပြီး မော်ရင်ဟိုရဲ့ မကျေနပ်ချက်တွေကို အားပေးထောက်ခံလိုက်တဲ့ ဘယ်လင်ဟမ်

အက်သလက်တီကိုမက်ဒရစ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ မက်ဒရစ်ဒါဘီတနင်္ဂနွေနေ့လာလီဂါပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဘယ်လင်ဟမ်က လာလီဂါဒိုင်လူကြီးတွေနဲ့ပတ်သက်လို့ သူ့ရဲ့နည်းပြမော်ရင်ဟိုရဲ့မကျေနပ်ချက်တွေကို ထပ်တူခံစားဖော်ထုတ်ခဲ့ပါတယ်။

လာလီဂါရာသီအဖွင့် ခုနစ်ပွဲကစားပြီးချိန်၊ ငါးပွဲနိုင်၊ နှစ်ပွဲရှုံးရလဒ်နဲ့အတူ အမှတ်ပေးဇယားစတုတ္ထနေရာဆီ ရောက်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အတွက် မော်ရင်ဟိုလက်အောက် မျှော်လင့်ထားသလို ဖြစ်မလာသေးဘူးလို့ ပြောဆိုနိုင်ပါတယ်။
 
ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အချို့နဲ့ပတ်သက်ပြီး မော်ရင်ဟိုက သူ့ရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့ပါတယ်။
 
ဟူဂျ်ဆန်ရဲ့အနီကတ်ပြစ်ဒဏ်နဲ့အတူ ဂရီမယ်လ်ဒိုက ရရှိလာတဲ့ပင်နယ်တီကို အဆုံးသတ်ပြီး အက်သလက်တီကိုမက်ဒရစ်အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သလို မိနစ်ပိုင်းအကြာမှာပဲ ဂျိုနသန်ဒေးဗစ်က နောက်ထပ်ဦးဆောင်ဂိုးကို ဆက်လက်သွင်းယူခဲ့ပါတယ်။
 
တဖက်မှာလည်း အက်သလက်တီကိုမက်ဒရစ်က ပွဲပြီးဆုံးချိန်အထိ ကွင်းတွင်းမှာ ကစားသမား ၁၁ ဦး ဆက်ရှိနေခဲ့လို့ အတော်လေးကံကောင်းခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ပထမဆုံးဖြစ်ရပ်အဖြစ် ဘယ်လင်ဟမ်ကို ရိုမဲရိုး ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်မှုအပေါ် VAR က အဝါကတ်ပြစ်ဒဏ်အဆင့်သာ သတ်မှတ်ခဲ့ပါတယ်။
 
ဒါ့အပြင် ဗယ်လ်ဗာဒီကို လီကန်အင် ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်မှုနဲ့ ပတ်သက်လို့လည်း ဟူဂျ်ဆန်လိုပဲ အနီကတ်ပြသခံရမယ့်ဖြစ်ရပ်လို့ ရီးရဲလ်မက်ဒရစ်ဘက်မှာ ယုံကြည်နေကြပါတယ်။
 
ပွဲစဉ်အပြီး ကွင်းတွင်းမှထွက်ခွာလာချိန် ဘယ်လင်ဟမ်က ဒိုင်လူကြီးအနားဆီ ချဉ်းကပ်သွားပြီး " အနီကတ်နှစ်ကတ်လေ၊ နှစ်ကတ်တောင်လေ" လို့ ထပ်ခါတလဲလဲ အော်ဟစ်ပြောဆိုနေခဲ့ပါတယ်။