The network connection is lost.

Banner Image

မော်တော်ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ခံရသလို ပေါင် ၁၀၀၀ ကျော် ဒဏ်ရိုက်ခံရပေမဲ့ ပြန်လည်တုံ့ပြန်လာခြင်းမရှိတဲ့ မိုဆာလက်

လီဗာပူးကြယ်ပွင့်ဟောင်းမိုဆာလက်က တူရကီပြည်တွင်းကလပ်ထရက်ဇွန်စပေါဆီ ပြောင်းရွှေ့သွားပြီးနောက် လအနည်းငယ်အကြာမှာပဲ မော်တော်ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။

တူရကီမြေမှာ ခြေစွမ်းပြနေတဲ့ မိုဆာလက်က ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဂါလာတာစာရေးနဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်ပါ ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးမှထွက်ခွာလာတဲ့သူ့ကို ထရက်ဇွန်စပေါ ဘာကြောင့်ခေါ်ယူခဲ့သလဲဆိုတာ အတိအကျ သက်သေပြနိုင်ခဲ့ပါတယ်။
 
သူက အခုဘောလုံးရာသီ၊ လိဂ်ပွဲစဉ်ခြောက်ခုမှာ ခုနစ်ဂိုးအထိ သွင်းယူထားပြီး အသင်းကိုလည်း တူရကီစူပါလိဂ်အမှတ်ပေးဇယားရဲ့ သတ္တမနေရာအထိ ပို့ဆောင်ပေးထားပါတယ်။
 
ဒါပေမဲ့လည်း လီဗာပူးကိုကျောခိုင်းပြီး ဘ၀ရဲ့နောက်ထပ်စာမျက်နှာသစ်ဖွင့်လှစ်နေတဲ့ မိုဆာလက်အတွက် မာဆေးဆိုဒ်မှာနေထိုင်ချိန်အတွင်း ပြုမူခဲ့တဲ့ ကိစ္စတစ်ခုကြောင့် ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ခံရမှုနဲ့အတူ ဒဏ်ငွေပြစ်ဒဏ်ပါ ကျခံရတော့မယ်လို့ တနင်္လာနေ့မနက်ခင်းပိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

လတ်တလောမှာ မိုဆာလက်က တရားသူကြီးတွေ သီးသန့်ကြားနာစစ်ဆေးတဲ့ Single Justice Procedure အရ ဝါရင်တန်ပူးတွဲတရားရုံးမှာ တရားစွဲဆိုခံရပြီး ခြောက်လကြာ ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်ခံရမှုနဲ့အတူ ဒဏ်ငွေ ပေါင် ၁,၀၄၄ ပေးဆောင်ရမယ့် ပြစ်ဒဏ်ကို ရင်ဆိုင်လာရပါတယ်။
 
တရားရုံးစာရွက်စာတမ်းတွေအရ ပြီးခဲ့တဲ့မတ် ၂၇ ရက်၊ ချက်ရှိုင်းယားရဲ့ ဝီလ်မ်စလိုးဒေသရှိ တစ်နာရီမိုင် ၃၀ သာသတ်မှတ်ထားတဲ့ လမ်းပိုင်းတစ်ခုမှာ မိုဆာလက်ရဲ့ Rolls-Royce ကားက တစ်နာရီ ၃၆ မိုင်နှုန်းနဲ့ မောင်းနှင်သွားတာကို အမြန်နှုန်းတိုင်းကင်မရာဖြင့် ဖမ်းမိပြီးနောက် အခုလိုအရေးယူမှု ပေါ်ပေါက်လာခဲ့တယ်လို့ သိရပါတယ်။
 
ချက်ရှိုင်းယားဒေသဆိုင်ရာရဲတပ်ဖွဲ့မှ ပေးပို့တဲ့ တရားစွဲဆိုမှုဆိုင်ရာ အသိပေးစာကို မိုဆာလက်ဘက်မှ တုံ့ပြန်ခြင်း မရှိသလို ဒီစွဲချက်အပေါ် တုံ့ပြန်ချေပခြင်းလည်း မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။

ဒီလိုသတ်မှတ်မြန်နှုန်းကျော်လွန်မောင်းနှင်မှုက လီဗာပူးမှထွက်ခွာတော့မယ်လို့ မိုဆာလက်ကိုယ်တိုင် တရားဝင်ကြေညာပြီးနောက် ရက်ပိုင်းအကြာမှာ ဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ မိုဆာလက်က တူရကီမှာ အောင်မြင်တဲ့ကစားသမားဘ၀ကို တည်ဆောက်ထားနိုင်လို့ လတ်တလော၊ ဗြိတိန်မှာ မော်တော်ကားမောင်းနှင်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါးသလို ချမှတ်ခံရတဲ့ဒဏ်ကြေးငွေပမာဏကလည်း ကမ္ဘာကျော်တောင်ပံကစားသမားအတွက် မပြောပလောက်တဲ့ ငွေကြေးပမာဏမျိုးသာ ဖြစ်ပါတယ်။