မိုဆာလက်ရဲ့အရန်ခုံထိုင်ရမှုက ဘယ်သူ့အတွက်မှ အာမခံချက်အပြည့်အဝမရှိဘူးဆိုတာ ပြသနေတယ်လို့ ဗန်ဒိုက်ဖွင့်ဟ
ကြိုးကြာနီတွေရဲ့ချန်ပီယံဆုကာကွယ်ရေးခရီးလမ်း ကြမ်းတမ်းနေချိန်မှာပဲ ပွဲထွက်လူစာရင်းမှာပါဝင်ဖို့အတွက် လီဗာပူးအသင်းရဲ့စီနီယာကစားသမားတစ်ဦးတစ်ယောက်ဆီမှာမှ အာမခံချက်အပြည့်အဝမရှိနေဘူးလို့ ဗန်ဒိုက်က သတိပေးလာပါတယ်။
ပရီမီးယားလိဂ် ၁၄ ပွဲကစားပြီးချိန်၊ ခြောက်ပွဲအထိရှုံးနိမ့်ထားတဲ့ ကြိုးကြာနီတွေက လတ်တလော ပီအက်စ်ဗွီ၊ ခရစ္စတယ်ပဲလေ့စ်တို့ကို ရှုံးနိမ့်ထားမှုအပါအဝင် ပြိုင်ပွဲစုံမှာ ရုန်းကန်နေရပြီး အမှတ်ပေးဇယားနဝမနေရာဆီ ရှိနေပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားဖြစ်တဲ့ မိုဆာလက်ကိုယ်တိုင်လည်း အခုရာသီ၊ လိဂ် ၁၃ ပွဲပါဝင်ကစားထားပေမယ့် လေးဂိုးသာသွင်းယူနိုင်ပြီး လတ်တလောမှာ အရန်ခုံထိုင်နေရပါတယ်။
ဗန်ဒိုက်ကတော့ မိုဆာလက်ဆီ အကောင်းဆုံးပုံစံအမြန်ဆုံးရှာဖွေဖို့နဲ့ အသင်းရဲ့တိုက်စစ်ပိုင်းကို ဦးဆောင်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ဗန်ဒိုက်က “ လူတိုင်း စွမ်းဆောင်ရည်ပြသဖို့လိုအပ်ပြီး အကန့်အသတ်မဲ့အာမခံချက်မျိုး မရှိနေပါဘူး။ မိုဆာလက်ကိုယ်တိုင် အကောင်းဆုံးစွမ်းဆောင်ပြခဲ့ဖူးပေမယ့် နည်းပြကတော့ နောက်ဆုံးပွဲစဉ်နှစ်ခုမှာ သူဆုံးဖြတ်ဖို့လိုအပ်တဲ့အရာကို ဆုံးဖြတ်ခဲ့ပါတယ်။
ကလပ်အသင်းအတွက် အကောင်းဆုံးဆိုတာမျိုးကို ကျွန်တော်တို့အားလုံး လိုချင်ကြပါတယ်။ မိုဆာလက်ကိုယ်တိုင်လည်း ကျွန်တော်တို့ကြိုးစားနေတဲ့အရာရဲ့အဓိကအစိတ်အပိုင်းတစ်ရပ် ဖြစ်နေလိမ့်ဦးမယ်လို့ ယုံကြည်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အံ့ဖွယ်ကစားသမားတစ်ဦးဖြစ်ပြီး ဒါကို စဉ်ဆက်မပြတ်သက်သေပြခဲ့လို့ပါပဲ။
ဒါပေမဲ့ တည်ငြိမ်မှုတစ်ခုရှာဖွေဖို့ ကျွန်တော်တို့အားလုံး ကြိုးစားနေပြီး ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံမှာ သူကိုယ်တိုင်လည်း ကျွန်တော်တို့ကို မဖြစ်မနေလိုအပ်သလို ကျွန်တော်တို့လည်း သူ့ကို လိုအပ်ပါတယ်။ ဒါကိုပဲ ကျွန်တော်တို့အားလုံး ရှာဖွေနိုင်ဖို့ ကြိုးစားနေကြတာပါ”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဗန်ဒိုက်က “ မိုဆာလက်ဆိုတာ အံ့မခန်းကစားသမားကောင်းတစ်ဦး ဖြစ်နေဆဲပါ။ အသင်းမှာ သူ ဘာကြောင့် ဒီလောက်အထိအောင်မြင်နေသလဲဆိုတာ ကျွန်တော်တို့ မမေ့ထားသင့်ပါဘူး။ ဒါကို လေးစားရပါမယ်။
ကျွန်တော်ကိုယ်တိုင်လည်း သူ့ကို ခေါင်းဆောင်တစ်ဦးအဖြစ် လိုအပ်နေပါတယ်။ ကျွန်တော် မစိုးရိမ်မိပါဘူး။ သူလည်း စိတ်ပျက်နေပေမယ့် ဒါ သာမန်အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။နှစ်ပွဲဆက်မကစားရချိန် စိတ်မပျက်မိဘူးဆိုရင် ပြသနာတစ်ရပ်ရှိလာပါပြီ”လို့ ပြောပါတယ်။