The network connection is lost.

Banner Image

ပါဖို့စ်နဲ့ပွဲမှာ ချဲလ်ဆီးအတွက်အနိုင်ဂိုးသွင်းပေးနိုင်ခဲ့လို့ အလွန်ပျော်ရွှင်မိကြောင်း ဖွင့်ဟလာတဲ့ ကိုင်စီဒို

ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မွိုက်စ်ကိုင်စီဒိုက ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဖို့စ်ဘက်ကို အသင်းအတွက် တစ်လုံးတည်းသောအဖိုးတန်အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့လို့ အလွန်ပျော်ရွှင်မိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

စတန်းဖို့ဒ်ဘရစ်ချ်မှာကစားခဲ့တဲ့ ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ ပါဖို့စ်ကိုအနိုင်ရဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲကစားချိန် ၇၈ မိနစ်မှာ ကိုင်စီဒိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။  ပွဲအပြီးမှာတော့ ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့တဲ့ ကိုင်စီဒိုက "ဒါဟာ အသင်းအတွက် အရမ်းအရေးကြီးတဲ့ ဂိုးတစ်ဂိုးပါ။ ဒီပွဲကို အနိုင်ရခဲ့တဲ့အတွက် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ ပွဲက တကယ်ကို ခက်ခဲခဲ့ပေမဲ့ ကျွန်တော်တို့ကတော့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်တော် ခေါင်းတိုက်ဂိုးတွေ ခဏခဏ မသွင်းဖူးပေမဲ့ ဒီနေ့ညမှာတော့ အခွင့်အရေးရပြီး သွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးသွင်းနိုင်ခဲ့လို့လည်း အရမ်းပျော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး တောင်အမေရိကသားက "သူတို့ခံစစ်ကိုထိုးဖောက်ဖို့ ခက်ခဲခဲ့ပေမယ့် ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပွဲကိုကောင်းကောင်းထိန်းချုပ်နိုင်ခဲ့တာက ဒီနေ့ပွဲကိုအနိုင်ရဖို့ အရေးကြီးတဲ့အချက်ဖြစ်ခဲ့မယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

သူ့ရဲ့လက်ရှိခြေစွမ်းနဲ့ပတ်သက်ပြီးတော့လည်း ကိုင်စီဒိုက "လူတွေက ကျွန်တော့်ကို ခေါင်းဆောင်တစ်ယောက်လို့ပြောကြပါတယ်။ ကျွန်တော်ကတော့ အဝတ်လဲခန်းထဲမှာ စကားတွေအများကြီးမပြောဖြစ်ပါဘူး။ ဒါပေမယ့် ကွင်းထဲမှာ ဒါမှမဟုတ် နေ့စဉ်လေ့ကျင့်ရေးကွင်းမှာ ခြေစွမ်းနဲ့သက်သေပြရတာကို ကြိုက်ပါတယ်။ ဒါက ပိုအရေးကြီးတယ်လို့လည်းထင်ပါတယ်။ ကျွန်တော်တို့အားလုံး ပွဲတိုင်းမှာ ဒီထက်ပိုပြီးကောင်းမွန်လာဖို့ နေ့တိုင်း ကြိုးကြိုးစားစားအလုပ်လုပ်နေကြပါတယ်" လို့ထပ်‌လောင်းပြောကြားခဲ့ပါတယ်။