The network connection is lost.

Banner Image

ဆန်းတို့စ်ခံစစ်မှူးဆူဇာကို အပြီးသတ်ခေါ်ယူလိုက်တဲ့ တော့တင်ဟမ်

တော့တင်ဟမ်အသင်းက ဘရာဇီးခံစစ်မှူးဆူဇာကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဆယ်ကျော်သက်ကစားသမားအတွက် ဘရာဇီးစီးရီးအေကလပ် ဆန်းတို့စ်နဲ့ ငွေကြေးဆိုင်ရာသဘောတူညီမှု ရရှိပြီးနောက် တော့တင်ဟမ်က ဆူဇာကို ကျောနံပါတ်-၃၈ ဂျာစီအင်္ကျီ ပေးအပ်ခဲ့ပါတယ်။

ကာလရှည်စာချုပ်တစ်ရပ်မှာ လက်မှတ်ရေးထိုးပြီးနောက် အသက်-၁၉ နှစ်အရွယ်ကစားသမားက မြောက်လန်ဒန်ကလပ်အသင်းနဲ့ပူးပေါင်းရခြင်းအပေါ် သူ့ရဲ့ပျော်ရွှင်မှုကို ထုတ်ဖော်ခဲ့ပါတယ်။ ဆူဇာက “ တော့တင်ဟမ်လို ကြီးကျယ်ခမ်းနားတဲ့ကလပ်အသင်းတစ်ခုမှာ ပါဝင်ခွင့်ရရှိတာ မယုံကြည်နိုင်စရာ ခံစားချက်တစ်ခု ဖြစ်ပါတယ်။

ကျွန်တော်က ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကြည့်ရှုရင်း ကြီးပြင်းလာခဲ့ပါတယ်။။ ဒါကြောင့် ပရီးမီးယားလိဂ်မှာကစားဖို့ဆိုတာ ကျွန်တော့်ရဲ့ငယ်ဘဝအိပ်မက်ပါပဲ။ ပါဝင်ယှဉ်ပြိုင်ကစားဖို့အတွက် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ဒါက ကျွန်တော့်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားတဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က ကျွန်တော်ဖြတ်သန်းလာခဲ့တဲ့ ဘရာဇီးလိဂ်နဲ့ အရမ်းကွာခြားပါလိမ့်မယ်။ အသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ဒီစိန်ခေါ်မှုကို အမှန်တကယ်မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

ဖိအားများနေတဲ့ နည်းပြသောမတ်စ်ဖရန့်ခ်ကလည်း “ ဆူဇာကို ကျွန်တော်တို့အသင်းလူစာရင်းမှာ ထည့်သွင်းနိုင်လို့ အရမ်းဝမ်းသာမိပါတယ်။ သူက အရည်အချင်းနဲ့ အလားအလာကောင်းတွေ ပြည့်နှက်နေတဲ့ နည်းစနစ်ပိုင်းကျေညက်လွန်းသူ လူငယ်ခံစစ်အစွန်ကစားသမားဖြစ်ပါတယ်။ ကမ္ဘာ့အတောက်ပဆုံးဘယ်အစွန်ခံစစ်မှူးတွေအနက် တစ်ဦးကို ကျွန်တော်တို့အသင်း ဝယ်ယူနိုင်ခဲ့တယ်လို့ ယူဆမိတာကြောင့် ဆူဇာနဲ့အလုပ်အတူလုပ်ပြီး ဒီအလားအလာကောင်းတွေကို ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။ သူက ကျွန်တော်တို့အတွက် အခုအချိန်မှာရော၊ အနာဂတ်မှာပါ တစ်ခုခုကို ဖန်တီးပေးနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ဆော်ပိုလိုဖွား ဘယ်အစွန်ခံစစ်ကစားသမားက ၂၀၁၆ ခုနှစ်၊ အသက်- ၉ နှစ်အရွယ်မှာပဲ ဆန်းတို့စ်ဆီ ရောက်ရှိလာပြီး ပရော်ဖက်ရှင်နယ်အဆင့်အထိ တက်လှမ်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလအတွင်းမှာတော့ ဆူဇာက သူ့ရဲ့ပထမဆုံးစီနီယာအဆင့်ပွဲဦးထွက်ကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒါ့အပြင် သူက မေလအတွင်းမှာ ဘရာဇီးလိဂ်ပွဲဦးထွက်ကို ရရှိခဲ့ပြီး ၂၄ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။

ဘရာဇီးယူ-၁၇ အသင်းအတွက် ၁၂ ပွဲတိတိပါဝင်ကစားထားတဲ့ ဆူဇာက ၂၀၂၃ ခုနှစ်၊ ဖီဖာယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းမှာ ရွေးချယ်ခံရပြီး ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်ခဲ့ပါတယ်။