လီဗာပူးကြယ်ပွင့်ရဲ့ဒဏ်ရာကို မစိုးရိမ်ရဖို့ မျှော်လင့်နေတဲ့ အန်းစလော့
အန်းစလော့က မာဆေးလ်နဲ့ပွဲစဉ်အတွက် အသင်းလူစာရင်းမှနုတ်ထွက်ခဲ့ရတဲ့ ချီယေဆာရဲ့ဒဏ်ရာနဲ့ ပတ်သက်လို့ အချိန်အကြာကြီးအနားယူရမယ်လို့ မမျှော်လင့်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြင်သစ်မြေမှာ သုံးဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွက် အီတာလျံတိုက်စစ်မှူးကို အရန်ခုံတန်းမှာထားရှိဖို့ စီမံခဲ့ပေမယ့် မဖြစ်မနေအနားပေးခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ အန်းစလော့က ချီယေဆာဟာ အတိတ်မှာရရှိဖူးခဲ့တဲ့ ဒဏ်ရာပြဿနာတစ်ခုနဲ့အတူ ရုန်းကန်နေရတယ်လို့ ရှင်းပြပါတယ်။ အန်းစလော့က “ ယမန်နေ့လေ့ကျင့်ရေးအစီအစဉ်မှ ချီယေဆာ နုတ်ထွက်ခဲ့ရပါတယ်။ ကာလရှည်အနားယူရမယ့်ဒဏ်ရာမဟုတ်ဘူးလို့ ယူဆမိတာကြောင့် အသင်းနဲ့အတူ သူ့ကို ခေါ်ယူခဲ့ပါတယ်။ သူ့အတွက် ပြင်သစ်မှာကုသမှုခံယူတာ ပိုကောင်းမယ်လို့ ယူဆပြီး အချိန်မီကြံ့ခိုင်မှုပြည့်ဝလာဖို့ မျှော်လင့်ခဲ့ပေမယ့် ထင်တဲ့အတိုင်း မဖြစ်လာခဲ့ပါဘူး။ သွေးပူလေ့ကျင့်ခန်းဆင်းချိန် ချီယေဆာကြိုးစားခဲ့ပေမယ့် ပွဲကစားဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ သူ့ကို အရန်ခုံတန်းမှာ မတွေ့ရတာပါ”လို့ ပြောပါတယ်။
အခုပွဲစဉ်မှာ ဆိုဘိုဆလိုင်းက ပထမပိုင်းမပြီးဆုံးခင် ဖရီးကစ်မှတဆင့် အဖွင့်ဂိုးသွင်းယူခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အတွင်း လီဗာပူးအတွက် မာဆေးလ်ဂိုးသမားရူလီရဲ့O.G၊ လူစားဝင်ကစားသမားဂတ်ပိုရဲ့ နာကျင်အချိန်ပိုသွင်းဂိုးတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အန်းစလော့ကတော့ အခုပွဲစဉ်အတွက် အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းဟာ သူတို့တွေအနိုင်မရရှိခဲ့တဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေနဲ့ သိပ်မကွာခြားလှဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက “ ကျွန်တော်တို့အတွက် ၂-၀ ဂိုးဖြစ်ဖို့ အခွင့်အရေးတစ်ကြိမ်ရရှိပြီး ၁၀ စက္ကန့်အကြာမှာပဲ ပြိုင်ဘက်အတွက် အခွင့်အရေးကောင်းတစ်ကြိမ် ပေါ်ပေါက်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် အခုဘောလုံးရာသီမှာ ဒီလိုအခွင့်အရေးမျိုးမှတဆင့် ဂိုးပြန်ပေးရလေ့ရှိပြီး ကျွန်တော်တို့အားလုံး ညည်းညူကြရပါတယ်။
ဒါပေမဲ့ အခုတော့ ဘောလုံးက ဂိုးပေါ်ကျော်သွားပြီး ကျွန်တော်တို့အတွက် နောက်ထပ်ဂိုးတွေ ရရှိခဲ့ပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းက အရင်ပွဲစဉ်တွေနဲ့ အတူတူပါပဲ။ ဒါပေမဲ့ လူတွေရဲ့အမြင်မှာတော့ လုံးဝကွဲပြားခြားနားနိုင်ပါတယ်”လို့ ပြောပါတယ်။