၂၀၀၈ ခုနှစ် ယူနိုက်တက်က လက်ရှိအာဆင်နယ်ကို အပြတ်အသတ်ချေမှုန်းနိုင်တယ်လို့ ရွန်းနီအခိုင်အမာပြော
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက ၂၀၀၈ ခုနှစ်က ယူနိုက်တက်အသင်းက လက်ရှိအာဆင်နယ်အသင်းနဲ့ယှဉ်ပြိုင်မယ်ဆိုပါက အပြတ်အသတ်သာလွန်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်ဟာ အင်တာမီလန်ကိုအဝေးကွင်းမှာသွားကစားပြီး ဂါဘရီရယ်ဂျီးဆပ်၊ ဗစ်တာယော်ကရက်စ်တို့ရဲ့ဂိုးတွေနဲ့ ၁-၃ ဆိုတဲ့အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွေကို ထိပ်ဆုံးကနေဦးဆောင်ထားသလို၊ ကာရာဘောင်ဖလားပြိုင်ပွဲနဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာလည်း ဆက်လက်ကျန်ရှိနေဆဲဖြစ်လို့ ဖလား ၄ လုံးလမ်းကြောင်းပေါ်မှာရောက်ရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာ ရွန်းနီက အာဆင်နယ်ရဲ့လက်ရှိအကောင်းဆုံးပုံစံကို ဂရုမစိုက်ဘဲ ၂၀၀၈ ခုနှစ်က ယူနိုက်တက်အသင်းက လက်ရှိအာဆင်နယ်ထက် ပိုမိုသာလွန်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
အာဆင်နယ်ဂန္ထဝင်ကစားဟောင်း သီယိုဝဲလ်ကော့က ရွန်းနီကို "အခြေအနေတွေ ပြောင်းပြန်ဖြစ်သွားပြီမဟုတ်လား၊ ခင်ဗျားတို့ ၂၀၀၈ ခုနှစ်က ယူနိုက်တက်အသင်းတောင် အခုအာဆင်နယ်အသင်းကို ယှဉ်ပြိုင်နိုင်ပါ့မလား။ ကျွန်တော်ကစားဖူးသမျှထဲမှာတော့ ခင်ဗျားတို့ရဲ့ ၂၀၀၈ ခုနှစ်အသင်းက အကောင်းဆုံးပါပဲ။ လက်ရှိအာဆင်နယ်နဲ့ အဲဒီတုန်းက ယူနိုက်တက်ကိုနှိုင်းယှဉ်ရင် ဘယ်လိုရှိမလဲ" လို့မေးမြန်းခဲ့ပါတယ်။
ရွန်းနီက "ကျွန်တော်တို့က လက်ရှိအာဆင်နယ်ကို အပြတ်အသတ်ချေမှုန်းနိုင်ပါတယ်။ ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော်တို့ပဲနိုင်မယ်လို့ယုံကြည်ပါတယ်" လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ ၂၀၀၈-၀၉ ရာသီမှာ ရွန်းနီဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၃၉ ပွဲကစားခဲ့ပြီး ၁၈ ဂိုးသွင်းကာ ဆုဖလားအောင်မြင်မှုတွေ အများအပြားသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ၇ မှတ်ဖြတ်ဦးဆောင်နေပြီး ယခုသီတင်းပတ်အကုန်မှာတော့ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပါတယ်။