The network connection is lost.

Banner Image

ကွင်းပြင်ပက ကိစ္စတွေထက် ကွင်းထဲကစွမ်းဆောင်ရည်ကြောင့်သာ လူသိများစေလိုကြောင်း ဖွင့်ဟလာတဲ့ ဗင်နီစီးယက်စ်

ရီးရဲလ်မက်ဒရစ်တောင်ပံကြယ်ပွင့် ဗင်နီစီးယက်စ်ဂျူနီယာက ဗုဒ္ဓဟူးနေ့နံနက်က မိုနာကိုကို ၆-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ထိပ်တန်းခြေစွမ်းကိုပြသပြီးနောက် သူ့အနေနဲ့ ကွင်းပြင်ပက ကိစ္စတွေထက် ကွင်းထဲကစွမ်းဆောင်ကြောင့်သာ လူသိများစေလိုကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်မှာ ဗင်နီစီးယက်စ်ဟာ အသင်းအတွက် သွင်းဂိုးရယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှုတွေလည်းပြုလုပ်နိုင်ခဲ့တာကြောင့် ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဘရာဇီးလက်ရွေးစင်က "ကျွန်တော်တို့ ပွဲအစကတည်းက အာရုံစူးစိုက်မှုအပြည့်နဲ့ကစားနိုင်ခဲ့ပြီး ဘောလုံးကို ရှေ့နောက်ကောင်းကောင်း တွဲဖက်ကစားနိုင်ခဲ့ပါတယ်။ ဘောလုံးကိုင်ထားတဲ့အချိန်တွေက ကျွန်တော်တို့အတွက် အကောင်းဆုံးအခိုက်အတန့်တွေပါပဲ"

"ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်အတွက်ရော၊ အသင်းဖော်တွေအတွက်ပါ တကယ်ကို ခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ လှောင်ပြောင်မှုတွေ၊ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရလို့ပါ။ ကျွန်တော်က အမြဲတမ်းလူပြောခံရတာများတဲ့သူဖြစ်ပေမယ့် ကွင်းပြင်းပကိစ္စတွေကြောင့်တော့ လူသိမများချင်ပါဘူး"

"ကျွန်တော် ကွင်းထဲမှာ ဘာတွေလုပ်ပြနေသလဲဆိုတာနဲ့ ဒီကလပ်အတွက် ကျွန်တော် ဘာတွေပေးဆပ်ခဲ့သလဲ ဆိုတာတွေကြောင့်ပဲ အသိအမှတ်ပြုခံချင်တာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးမှာ ပရိသတ်မျှော်လင့်ချက်က အလွန်မြင့်မားနေလို့ ကျွန်တော်တို့ နေ့ရက်တိုင်းမှာ အကောင်းဆုံးလုပ်နိုင်ဖို့လိုပါတယ်။ နည်းစနစ်ပိုင်းမှာ အမြဲတမ်းအကောင်းဆုံးမဖြစ်နိုင်ရင်တောင် ကျွန်တော့်အပေါ်ကောင်းပေးတဲ့ ဒီအသင်းအတွက် တတ်နိုင်သမျှ အကုန်ပေးဆပ်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

သူသွင်းယူခဲ့တဲ့ဂိုးနဲ့ပတ်သက်ပြီးတော့လည်း ဗင်နီစီးယက်စ်က "ဒီဂိုးက တကယ်ကို ကောင်းမွန်တဲ့အခိုက်အတန့်ပါပဲ။ ကျွန်တော့်အနေနဲ့ ဂိုးဖန်တီးမှုတွေအများကြီးပြုလုပ်ပေးထားပေမယ့် အသင်းဖော်တွေက ကျွန်တော့်ကို ဂိုးပါသွင်းစေချင်ပါသေးတယ်။ အသင်းဖော်တွေရဲ့ယုံကြည်မှုကိုရရှိဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့က မိသားစုတစ်ခုလိုပါပဲ။ တကယ်လို့ ကျွန်တော်တို့ အခုလို အကောင်းဆုံးပုံစံမှာ ရှိနေမယ်ဆိုရင် ဒီရာသီမှာ အောင်မြင်မှုကြီးကြီးမားမား ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။