The network connection is lost.

Banner Image

အာဆင်နယ်ရဲ့တိုက်စစ်က ကြောက်မက်ဖွယ်အင်အားတောင့်တင်းနေတယ်လို့ ယူနိုက်တက်ကို လူးဝစ်စကယ်လီ သတိပေး

အာဆင်နယ်နောက်ခံလူ မိုင်းလ်စ်လူးဝစ်စကယ်လီက မန်ချက်စတာယူနိုက်တက်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ လက်ရှိအသင်းရဲ့တိုက်စစ်အင်အားဟာ ကြောက်စရာကောင်းလောက်အောင်တောင့်တင်းနေတယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့နံနက်က ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အင်တာမီလန်ကို အဝေးကွင်းမှာ ၁-၃ နဲ့ဂိုးပြတ်အနိုင်ယူကာ ချန်ပီယံလိဂ် ဇယားကို ထိပ်ဆုံးကနေ ၆ မှတ်ဖြတ်ဦးဆောင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် စကယ်လီအနေနဲ့ အသင်းဟာ ပွဲစဉ်တိုင်းမှာ တိုက်စစ်ပိုင်းရဲ့ ပြတ်သားတဲ့စွမ်းဆောင်ရည်နဲ့ အမှတ်ပြည့်ရအောင်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ယခုနှစ်ဘောလုံးရာသီဟာ အာဆင်နယ်ရဲ့ရာသီလို့ပြောရမလောက်အောင် အာတီတာရဲ့အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား ထိပ်ဆုံးကနေဦးဆောင်နေသလို၊ ကာရာဘောင်ဖလားပြိုင်ပွဲနဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာလည်း ဆက်လက်ကျန်ရှိနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့အင်တာမီလန်နဲ့ပွဲစဉ်မှာတော့ အာဆင်နယ်အတွက်ဂိုးတွေကို မကြာသေးမီကမှ ဒဏ်ရာပြဿနာမှပြန်လာနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်က ၂ ဂိုး၊ နွေရာသီမှာခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူးသစ် ဗစ်တာယော်ကရက်စ်က ၁ ဂိုးသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

ယခုအခါမှာတော့ လူးဝစ်စကယ်လီက "ကျွန်တော်တို့တိုက်စစ်ပိုင်း ရွေးချယ်စရာတွေကိုကြည့်လိုက်ရင် ကြောက်စရာကောင်းလောက်အောင် အင်အားတောင့်တင်းနေတာကို တွေ့ရပါလိမ့်မယ်။ ဒါက အသင်းရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ အရန်အင်အားတောင့်တင်းမှုပါပဲ"

"ကစားသမားတိုင်းက ပွဲထွက်ကစားခွင့်ရလို့ အသင်းမှာပျော်နေကြသလို၊ တစ်ယောက်ကိုတစ်ယောက် ကူညီပေးကြဖို့လည်း အဆင်သင့်ရှိနေကြပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့အစုအဖွဲ့က အရမ်းအားကောင်းနေတာပါ။ အင်တာမီလန်နဲ့ပွဲမှာ ကျွန်တော်တို့ ဒါကို သက်သေပြခဲ့ပါပြီ"

"အခုဆိုရင်ပွဲစဉ်တိုင်းက အရေးကြီးနေပါပြီ။ ကျွန်တော်တို့ လာသမျှပွဲတိုင်းကို အနိုင်ယူဖို့ အာရုံစိုက်ထားပြီး ပြိုင်ဘက်တွေကိုလည်း ပြင်ဆင်ထားဖို့ သတင်းစကားပါးချင်ပါတယ်။ ကျွန်တော်တို့ ကြိုးစားနေတဲ့အရာမှန်သမျှကို အောင်မြင်အောင် လုပ်ဆောင်သွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၇ မှတ်ဖြတ်ဦးဆောင်နေတဲ့ အာဆင်နယ်အနေနဲ့ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်စီးတီးကို ၂-၀ နဲ့ဂိုးပြတ်အနိုင်ယူထားတဲ့ ယူနိုက်တက်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲဆက်သွားမလား စောင့်ကြည့်ရပါမယ်။