ပီအက်စ်ဗွီကို အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး ဘရူနိုဂူမာယေးစ်ရဲ့ဒဏ်ရာအခြေအနေအကြောင်း ဖွင့်ဟလာတဲ့ ဟိုဝီ
ပီအက်စ်ဗွီကို အနိုင်ယူခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ကွင်းတွင်းမှထွက်ခွာလာတဲ့ ဘရူရိုဂူမာယေးစ်ရဲ့ခြေကျင်းဝတ် ရောင်ရမ်းနေတယ်လို့ အက်ဒီဟိုဝီက ပြောပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ကွင်းလယ်ကစားသမားကို မဖြစ်မနေလူစားလဲလှယ်ဖို့ လိုအပ်ခဲ့ပြီး ဟိုဝီကတော့ ဒဏ်ရာအခြေအနေသိပ်မပြင်းထန်ဖို့ မျှော်လင့်နေပါတယ်။
နယူးကာဆယ်နည်းပြက “ ဟုတ်ပါတယ်။ ဂူမာယေးစ် အနည်းငယ်နာကျင်နေပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာပါ။ ဂူမာယေးစ်ရဲ့ခြေကျင်းဝတ်လည်း အနည်းငယ်ရောင်ရမ်းနေပါတယ်။ ဒဏ်ရာအခြေအနေမပြင်းထန်ဖို့ပဲ မျှော်လင့်ထားပါတယ်။ အသေးစိတ်သိရဖို့တော့ မလွယ်သေးပါဘူး။ ဘရူနိုဂူမာယေးစ်ဆိုတာ ကွင်းတွင်းမှထွက်ခွာဖို့ကို ဘယ်တုန်းကမှအလိုမရှိတဲ့ကစားသမားမျိုး ဖြစ်ပါတယ်။ သူက ပွဲစဉ်တိုင်းကို ယှဉ်ပြိုင်ကစားချင်ပါတယ်။ ဒါကြောင့် သူထွက်ခွာလာရတယ်ဆိုတာ ကျွန်တော်တို့အတွက် စိုးရိမ်စရာအချက်တစ်ခုပါပဲ။ တက်နိုင်သမျှအမြန်ဆုံး ဂူမာယေးစ်သက်သာလာစေဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားသွားပါ့မယ်”လို့ ပြောပါတယ်။
ပီအက်စ်ဗွီကို ၃-၀ ဂိုးဖြင့်အနိုင်ယူခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ နယူးကာဆယ်အတွက် ဝစ်ဆာ၊ အန်သိုနီဂေါ်ဒွန်နဲ့ ဟာဗေးဘန်းစ်တို့က ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ဟိုဝီကတော့ အသင်းကစားသမားတွေသာမက အိမ်ကွင်းပရိသတ်တွေကိုပါ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
သူက “ ကောင်လေးတွေရဲ့ အရမ်းကောင်းမွန်တဲ့ စွမ်းဆောင်ရည်ဖြစ်ပါတယ်။ ဒီနေ့မှာ ကစားသမားတွေသာမက ပရိသတ်တွေဆီမှာပါ အရမ်းကောင်းတဲ့စွမ်းအားတွေ ရှိခဲ့တယ်လို့ ထင်ပါတယ်။ ကွင်းတွင်းမှာဆိုရင်လည်း အရမ်းကောင်းတဲ့ခံစားချက်တစ်ခု ရှိခဲ့ပါတယ်”လို့ ဆိုပါတယ်။