ဗန်ဒီဗန်ကို တော့တင်ဟမ်အသင်းမှာ နှစ်ပေါင်းများစွာရှိနေစေချင်တဲ့ သောမတ်စ်ဖရန့်ခ်
သောမတ်စ်ဖရန့်ခ်က နောက်ခံလူဗန်ဒီဗန်ကို အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသွားဖို့ လိုလားပေမယ့် ဆွေးနွေးမှုတွေ တိုးတက်လာမလားဆိုတာ အသေအချာမသိရသေးဘူးလို့ ပြောပါတယ်။ ဒတ်ချ်လူမျိုးက အခုရာသီ၊ သောမတ်စ်ဖရန့်ခ်ရဲ့အသင်းမှာ ၂၁ ပွဲအထိပါဝင်ကစားပေးထားပြီး အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နေကာ အသင်းကပ္ပတိန်တာဝန်ကိုလည်း အကြိမ်ကြိမ်ယူပေးခဲ့ပါတယ်။
သတင်းရင်းမြစ်အများစုကတော့ အခုနွေရာသီမှာ ဗန်ဒီဗန်ကို လီဗာပူးဆီ ရောက်ရှိသွားလိမ့်မယ်လို့ ဖော်ပြခဲ့ကြပြီး နောက်ခံလူအတွက် တော့တင်ဟမ်မှာ စာချုပ်သက်တမ်းတိုးမြှင့်ရေးဆွေးနွေးမှုရှိ၊မရှိ နည်းပြဆီ မေးမြန်းလာပါတယ်။
ဖရန့်ခ်က “အရိုးသားဆုံးပြောရရင် ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ ဗန်ဒီဗန်ဆိုတာ ကျွန်တော်တို့ရဲ့ ဦးစားပေးကစားသမားတစ်ဦးပါ။
ကျွန်တော့်အတွက်ဆိုရင် ဗန်ဒီဗန်က ကလပ်အသင်းအတွက် အဓိကကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာ အချိန်အကြာကြီး ဆက်ရှိနေစေချင်ပါတယ်။ သူ့ဆီမှာ ပိုကောင်းတဲ့ကစားသမားတစ်ဦးဖြစ်လာဖို့ လိုအပ်တဲ့အရာတွေအားလုံး ရှိနေတယ်လို့ ထင်ပါတယ်။ ဗန်ဒီဗန်က အနာဂတ်မှာ ကျွန်တော်တို့အသင်းရောက်ရှိချင်တဲ့နေရာဆီ ပို့ဆောင်ပေးနိုင်မယ့်သူဆိုတာ သံသယလုံးဝမရှိပါဘူး”လို့ ပြောပါတယ်။
ဒါပေမဲ့ အသင်းမှထွက်ခွာဖို့ ဗန်ဒီဗန်စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် တော့တင်ဟမ်မှာ အသက်-၂၄ နှစ်အရွယ်ကစားသမား အမှန်တကယ်ပျော်ရွှင်နေသလားလို့ သူ့ရဲ့နည်းပြဆီ မေးမြန်းခဲ့ကြပါတယ်။ ဖရန့်ခ်က “ ဒီနေ့လည်း ဗန်ဒီဗန်ကို ကျွန်တော် တွေ့လိုက်ပါတယ်။ သူ အရမ်းပျော်နေပြီး ပြုံးရွှင်နေပါတယ်။ ကျွန်တော်တို့အသင်းအနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး အသင်းအဝတ်လဲခန်းထဲမှာလည်း သူ အရမ်းပျော်ရွှင်ခဲ့ပါတယ်။
ဗန်ဒီဗန်ဆိုတာ အရမ်းကောင်းတဲ့ကစားသမားဖြစ်သလို ကလပ်အသင်းအတွက် အံ့ဖွယ်သံတမန်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့အတွက် အကောင်းဆုံးဘောလုံးရာသီကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူက ကြံ့ခိုင်သန်မာပြီး ခံစစ်ပိုင်းစွမ်းဆောင်ရည်ကောင်းမွန်သလို အသင်းကပ္ပတိန်တစ်ဦးအဖြစ် တိုးတက်နေပါတယ်။ ဒါ့အပြင် ဂိုးတွေပါ သွင်းယူနေလို့ အခုရာသီနဲ့ အနာဂတ်ကာလအတွက်ပါ ကျွန်တော်တို့ရဲ့အရေးအကြီးဆုံးကစားသမား ဖြစ်ပါတယ်”လို့ တုံ့ပြန်ဖြေကြားပါတယ်။
ခံစစ်မှူးက အခုရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ တော့တင်ဟမ်အသင်း ပေးဂိုးမရှိသေးတဲ့ ပြဇာတ်အတွက် အဓိကအခန်းကဏ္ဍမှပါဝင်နေသလို အသင်းရဲ့သွင်းဂိုးရယူမှုအပိုင်းမှာလည်း အရေးကြီးတဲ့ဇာတ်ရုပ်အဖြစ် တည်ရှိနေပါတယ်။ ဒတ်ချ်လက်ရွေးစင်က ကိုပင်ဟေဂင်နဲ့ပွဲစဉ်အတွင်း ကွင်းတလျှောက်ပြေးလွှားကာ ထူးရှယ်ဂိုးသွင်းယူမှုအပါအဝင် ပြိုင်ပွဲစုံခြောက်ဂိုးအထိ သွင်းယူထားပါတယ်။
ဖရန့်ခ်ကိုယ်တိုင်လည်း တော့တင်ဟမ်အတွက် ဗန်ဒီဗန်ရဲ့အရေးပါမှုကို အသိအမှတ်ပြုခဲ့ပါတယ်။ သူက “ ဗန်ဒီဗန်ဆိုတာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဗန်ဒီဗန်က အခုရော၊ အနာဂတ်မှာပါ တော့တင်ဟမ်ကစားသမား ဖြစ်နေပါမယ်”လို့ ပြောပါတယ်။