The network connection is lost.

Banner Image

အာဖရိကဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဘရာဟင်မ်ဘက်မှာ လူးဝစ်အင်းနရစ်ကာကွယ်ပြောဆို

ပီအက်စ်ဂျီကိုကိုင်တွယ်နေတဲ့ ဘာစီလိုနာနည်းပြဟောင်းလူးဝစ်အင်းနရစ်က အာဖရိကဖလားဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့တာကြောင့် ဝေဖန်မှုအများအပြားနဲ့ကြုံတွေ့နေရတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘရာဟင်မ်ဒီယက်ဇ်ဘက်မှ ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆီနီဂေါနဲ့ယှဉ်ပြိုင်ခဲ့တဲ့ အာဖရိကဖလားဗိုလ်လုပွဲမှာ မော်ရိုကိုလက်ရွေးစင်တိုက်စစ်မှူး ဘရာဟင်မ်ဒီယက်ဇ်ဟာ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာ ပင်နယ်တီကန်ခွင့်ရခဲ့ရာ ပင်နယ်ကာကန်ချက်နဲ့ကန်သွင်းယူဖို့ကြိုးစားခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ 

အသက်-၂၆ နှစ်အရွယ်ကစားသမားအနေနဲ့ အဆိုပါပင်နယ်တီကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့မယ်ဆိုရင် မော်ရိုကိုအနေနဲ့ အာဖရိကဆုဖလားကိုသိမ်းပိုက်နိုင်ဖို့ သေချာသလောက်ဖြစ်ခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် ဆီနီဂေါက အချိန်ပိုသွင်းဂိုးနဲ့ ဆုဖလားကို သိမ်းပိုက်သွားခဲ့ပါတယ်။ ဘရာဟင်မ်အနေနဲ့တော့ အလွန်အရေးကြီးတဲ့အချိန်မှာ ပင်နယ်တီကို ပေါ့ပျက်ပျက်ကန်သွင်းခဲ့တာကြောင့် ပရိသတ်ဝေဖန်မှုတွေသာမက ဘောလုံးလောကတဝှမ်းဝေဖန်မှုတွေနဲ့ပါကြုံတွေ့နေရတာဖြစ်ပါတယ်။

သို့သော်လည်း ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်ကတော့ ဘရာဟင်မ်ရဲ့ပင်နယ်တီလွဲချော်မှုနဲ့ပတ်သက်ပြီး "ကျွန်တော်တို့ ဒီအကြောင်းကို ဒီနေ့ အသင်းဘတ်စ်ကားပေါ်မှာ ဆွေးနွေးဖြစ်ကြပါတယ်။ ဘောလုံးလောကရဲ့နတ်ဘုရားတစ်ပါးလို့တင်စားရတဲ့ ဇီဒန်းတောင် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဒီလိုကန်ခဲ့ဖူးတာ ကျွန်တော်မှတ်မိနေပါသေးတယ်"

"သူ့ရဲ့ပင်နယ်ကာကန်ချက် ဂိုးဝင်သွားခဲ့ရင် လူတိုင်းက လက်ခုပ်တီးပြီး ချီးကျူးကြပေမယ့် လွဲသွားရင်တော့ ဝေဖန်မှုတွေနဲ့ကြုံတွေ့ရတာ သဘာဝပါပဲ။ ဘရာဟင်မ်ကိုကျွန်တော် ကောင်းကောင်းသိပါတယ်။ တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ကစားသမားတစ်ဦးပါ။ သူအခုရင်ဆိုင်နေရတဲ့အခြေအနေက တကယ်ကိုမတရားပါဘူး။ သူက အားကစားသမားတစ်ယောက်ပါ။ လူသတ်သမားမဟုတ်သလို၊ လူဆိုးတစ်ယောက်လည်းမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။