The network connection is lost.

Banner Image

ပီဒရီဒဏ်ရာရသွားတာ အသင်းအတွက် သတင်းကောင်းမဟုတ်ဘူးလို့ဆိုလာတဲ့ ဖလစ်ခ်

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ကြာသပတေးနေ့နံနက်က ဆလားဗီးယားကို ၂-၄ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းရဲ့ အဓိကွင်းလယ်ကြယ်ပွင့် ပီဒရီဒဏ်ရာရရှိသွားခဲ့တာက အသင်းအတွက် သတင်းကောင်းမဟုတ်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က လာလီဂါမှာ ရီးရဲလ်ဆိုစီဒက်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့တဲ့ဘာစီလိုနာအနေနဲ့ ယခုဆလားဗီးယားနဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ဖော်ဆောင်နိုင်ခဲ့ပြီး အသင်းအတွက်ဂိုးတွေကို ဖာမင်လိုပက်ဇ်၊ လီဝန်ဒေါစကီးနဲ့ ဒန်နီအိုလ်မိုတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဟန်ဆီဖလစ်ခ်က ပြိုင်ဘက် ဆလားဗီးယားရဲ့ကြိုးစားအားထုတ်မှုကို ချီးကျူးခဲ့ပေမယ့် အသင်းက ထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့တာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ 

ဂျာမန်သားနည်းပြက "ကျွန်တော်တို့ဒီပွဲမှာ တည်ကန်ဘောတွေကနေ ၂ ဂိုးအထိခွင့်ပြုခဲ့ရပေမယ့် ပွဲထဲကိုပြန်ဝင်လာနိုင်ခဲ့ပြီး အနိုင်ရလဒ်‌ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲက မလွယ်ပါဘူး။ ရာသီဥတုက အရမ်းအေးသလို၊ ဆလားဗီးယားရဲ့ တန်ပြန်တိုက်စစ်တွေနဲ့ အန္တရာယ်ရှိတဲ့ပေးပို့မှုတွေကို ခက်ခက်ခဲခဲတားဆီးခဲ့ရပါတယ်"

"သူတို့က ကြံ့ခိုင်မှုအတော်အားကောင်းတဲ့အသင်းပါ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ အများကြီးတိုးတက်လာခဲ့ပြီး ဂိုးတွေထပ်သွင်းနိုင်ခဲ့ပါတယ်။ ဒီပွဲက ခက်မယ်ဆိုတာ ကြိုသိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီပွဲအတွက် ၅ ပတ်လောက်အထိ ပြင်ဆင်ချိန်ရထားခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အနိုင် ၃ မှတ်နဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးအထိရယူပေးနိုင်ခဲ့တဲ့ ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဖာမင်လိုပက်ဇ်နဲ့ပတ်သက်ပြီးတော့လည်း ဖလစ်ခ်က "သူက အံ့အားသင့်ဖွယ်ကစားသမားတစ်ယောက်ပါ။ ဘာစီလိုနာသွေးအပြည့်ရှိပြီး ဒီနေ့သူကစားသွားတဲ့ခြေစွမ်းကို ကျွန်တော်တောင်လေးစားမိပါတယ်" လို့ချီးကျူးခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ နိုင်ပွဲရခဲ့ပေမယ့် အသင်းရဲ့အဓိကကွင်းလယ်လူ ပီဒရီကတော့ တံကောက်ကြောဒဏ်ရာနဲ့ ကွင်းထဲမှထွက်ခွာခဲ့ရတာကြောင့် ထိုးနှက်ချက်ပြင်းထန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။  ပီဒရီရဲ့ဒဏ်ရာအခြေအနေကို မေးမြန်းရာမှာ ဖလစ်ခ်က "သူဘာဖြစ်သွားလဲဆိုတာ ကျွန်တော်အတိအကျမသိရသေးပါဘူး။ ဘယ်လောက်အထိ နားရနိုင်လဲဆိုတာလည်း မသိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက အသင်းအတွက် သတင်းကောင်းတော့မဟုတ်ပါဘူး။ သူ့နေရာမှာ အစားဝင်လာတဲ့ အိုလ်မိုရဲ့ဂိုးကလည်း အချိန်ကိုက်ဖြစ်ခဲ့ပါတယ်။ ဒါကတော့ ကောင်းမွန်တဲ့အချက်ပါ" လို့ဖြေကြားခဲ့ပါတယ်။