The network connection is lost.

Banner Image

ဖရန့်ခ်ရဲ့ ‌တော့တင်ဟမ်နည်းပြရာထူးတည်မြဲရေးက ကစားသမားတွေအပေါ်မှာမူတည်တယ်လို့ ဂါရတ်ဘေးလ် အခိုင်အမာပြော

တော့တင်ဟမ်ကြယ်ပွင့်ကစားသမားဟောင်း ဂါရတ်ဘေးလ်က လက်ရှိကလပ်ရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေတဲ့ သောမတ်စ်ဖရန့်ခ်နဲ့ပတ်သက်ပြီး ဖရန့်ခ်ရဲ့ရာထူးတည်မြဲရေးက အသင်းရဲ့ကစားသမားတွေအပေါ်မှာသာမူတည်နေကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

မကြာသေးမီက ရလဒ်ဆိုးတွေတောက်လျှောက်ကြုံတွေ့နေရတဲ့ တော့တင်ဟမ်အနေနဲ့ နည်းပြ ဖရန့်ခ်ကို ရာထူးကနေထုတ်ပယ်တော့မယ်လို့ သတင်းတွေထွက်ပေါ်ထားပေမယ့် ဗုဒ္ဓဟူးနေ့နံနက်က ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒေါ့မွန်ကို ၂-၀ နဲ့ဂိုးပြတ်အနိုင်ယူပြီးနောက် ဖရန့်ခ်ရဲ့အနာဂတ်က တည်ငြိမ်မလိုဖြစ်လာခဲ့ပါတယ်။

 အဆိုပါပွဲစဉ်မတိုင်မီမှာ ဖရန့်ခ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ ဂါရတ်ဘေးလ်က "ဒါက ကစားသမားတွေအပေါ်မှာပဲ မူတည်ပါတယ်။ ကစားသမားတွေအနေနဲ့ ကွင်းထဲဝင်ပြီး သူတို့အလုပ်သူတို့ လုပ်ဖို့လိုပါတယ်။ နည်းပြကတော့ နည်းစနစ်တစ်ခုနဲ့ ဗျူဟာတစ်ခုချပေးမှာပါပဲ။ ဒါကို သူတို့လိုက်လုပ်နိုင်ဖို့လိုပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ တစ်ချို့နည်းဗျူဟာတွေက အလုပ်မဖြစ်ခဲ့ပါဘူး"

"ကစားသမားတွေအနေနဲ့လည်း အသင်းရဲ့ရှုံးပွဲအတွက် တာဝန်ယူဖို့လိုပါတယ်။ သူတို့ကလည်း ပရိသတ်လှောင်ပြောင်မှုကို ခံနေရသူတွေပါ။ အခုဆိုရင် ပရိသတ်တွေကြောင့် ကစားသမားတွေအတွက် အိမ်ကွင်းမှာကစားရတာက အဝေးကွင်းထက်ပိုခက်နေသလိုပါပဲ။ ဒါက ကွင်းအတွင်း ပရိသတ်တွေရဲ့ဖိအားကြောင့်ပါ။ ပရိသတ်တွေက သူတို့မကျေနပ်ချက်တွေကို ပြသနေကြပါပြီ"

"ကစားသမားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ပရိသတ်က ကိုယ့်ကိုပြန်လှောင်နေရင် ခံစားရခက်မှာပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း လျော့နည်းသွားတတ်ပါတယ်။ အခုလို ထိပ်တန်းအဆင့်မှာကစားနေရတဲ့ သူတွေအနေနဲ့ ယုံကြည်မှုအနည်းငယ်လေးလျော့သွားတာနဲ့တင် ချက်ချင်းပြန်ပြီး ပေးဆပ်ရတတ်ပါတယ်"

"အထူးသဖြင့် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လိုပြိုင်ပွဲတွေမှာ ယုံကြည်မှုကျဆင်းနေရင် ပြိုင်ဘက်က အဲဒီအားနည်းချက်ကို အလွယ်လေးအခွင့်ကောင်းယူသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။ လာမယ့် စနေနေ့မှာတော့ တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲဆက်သွားမလားစောင့်ကြည့်ရပါမယ်။