The network connection is lost.

Banner Image

ဘီလ်ဘာအိုကိုရှုံးနိမ့်ခဲ့ခြင်းက မယုံနိုင်စရာဖြစ်တယ်လို့ အတ္တလန္တာနည်းပြဆို

အတ္တလန္တာနည်းပြ ရာဖေးလ်ပယ်လာဒီနိုကို ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘီလ်ဘာအိုကို ရှုံးနိမ့်ခဲ့ခြင်းက မယုံနိုင်စရာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ အတ္တလန္တာဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲမှာ ၃ ပွဲစလုံးအနိုင်ရခဲ့ပြီး ယခုဘီလ်ဘာအိုနဲ့ပွဲစဉ်မှာလည်း ပထမပိုင်းအတွင်း ၁-၀ နဲ့ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အမှတ်မထင် ဂိုးတွေခွင့်ပြုခဲ့ရပြီး ၂-၃ ဆိုတဲ့ရလဒ်နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ပယ်လာဒီနိုက "ဒီနေ့အသင်းရဲ့စွမ်းဆောင်ရည်ကို ရှင်းပြဖို့ တကယ်ခက်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံတဲ့ပုံစံနဲ့ကစားနိုင်ခဲ့ပါတယ်။ ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့ကစားတဲ့ ဘီလ်ဘာအိုကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကောင်းကောင်းပြင်ဆင်နိုင်ခဲ့တာပါ။ အခွင့်အရေးတွေအများကြီးဖန်တီးနိုင်ခဲ့သလို၊ဦး‌ဆောင်ဂိုးသွင်းနိုင်ခဲ့ပြီး ဒုတိယဦးဆောင်ဂိုးရဖို့လည်း နီးစပ်ခဲ့ပါတယ်"

"ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာလည်း ဒုတိယပိုင်းကို ဒီပုံစံအတိုင်းဆက်ကစားဖို့ ကစားသမားတွေကိုပြောခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်တဲ့ ချေပဂိုးက ကျွန်တော်တို့အတွက် အပြင်းအထန်ထိုးနှက်ချက်ဖြစ်ခဲ့ပြီး ရှုံးပွဲပါကြုံခဲ့ရပါတယ်"

"ချေပဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့စိတ်ဓာတ်ပိုင်းက ပျက်စီးသွားပြီး ပုံမှန်ဆိုရင် ဘယ်တော့မှမပေးရတဲ့ဂိုးမျိုးတွေကို ဆက်တိုက်ပေးလိုက်ရပါတယ်။ ဒီလိုဖြစ်လာမယ်လို့ ကျွန်တော်တို့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒုတိယဂိုးသွင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပျက်စီးသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာ အမှားတစ်ခုလုပ်လိုက်တိုင်း ပြန်ပေးဆပ်ရတာကြောင့် ကျွန်တော်တို့ ဒီထက်ပိုရင့်ကျက်တဲ့ကစားဟန်မျိုး ပြသဖို့ လိုအပ်ပါတယ်။"

"ဒါက ဘောလုံးပါပဲ။ ချေပဂိုးဆိုတာ ရှိနိုင်ပေမယ့် ပွဲကိုဆက်ပြီး ထိန်းထားနိုင်ဖို့လိုပါတယ်။ အခုလို ဂိုးတွေဆက်တိုက်မပေးရသင့်ပါဘူး။ ဒီရှုံးနိမ့်မှုက ခါးသီးပြီး တကယ်ကို မယုံနိုင်စရာကောင်းခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။