The network connection is lost.

Banner Image

ကာရစ်ရဲ့နေရာမှာ အစားထိုးဖို့ ပိုချက်တီနိုနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့တဲ့ ယူနိုက်တက်

ရုန်းကန်နေရတဲ့ အင်္ဂလန်ထိပ်သီးကလပ်အသင်းရဲ့ကံကြမ္မာကို ပြန်လည်အသက်သွင်းနိုင်ဖို့အတွက် မိုက်ကယ်ကာရစ်ရဲ့နေရာမှာ အစားထိုးမယ့် နည်းပြအဖြစ် လက်ရှိအမေရိကန်လက်ရွေးစင်အသင်းနည်းပြပိုချက်တီနိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ ယမန်နေ့မှာ နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ရှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ ပရီးမီးယားလိဂ်တန်းဆင်းဇုန်အထိ ရောက်ရှိသွားစေတဲ့ နှစ် ၄၀ တာကာလအတွင်း အဆိုးရွားဆုံးရာသီအစရလဒ်ပိုင်းတွေကြောင့် အိုးထရက်ဖို့ဒ်နည်းပြခုံတန်းမှာ ကာရစ်ရဲ့တာဝန်ယူမှု ပြီးဆုံးသွားဖို့ သေချာသလောက် ဖြစ်နေပါတယ်။

ဗုဒ္ဓဟူးနေ့၊ မိုနာကိုအစည်းအဝေးဆီ အရေးပါတဲ့ အစုရှယ်ယာရှင် ဂျင်မ်ရက်ကလစ်ဖ်၊ အမှုဆောင်အရာရှိချုပ်အိုမာဘာရာဒါနဲ့ ဘောလုံးဒါရိုက်တာဂျေဆန်ဝီလ်ကော့စ်တို့ တက်ရောက်ပြီး ကာရစ်ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

ဘာရာဒါနဲ့ ဝီလ်ကော့စ်တို့ကတော့ အသင်းကစားသမားဟောင်းကာရစ်ကို ရာထူးမှထုတ်ပယ်ဖို့ ပိုမိုစိတ်ပါဝင်စားနေတယ်လို့ သိရပါတယ်။

ပိုချက်တီနိုက ဆောက်သမ်တန်၊ တော့တင်ဟမ်နဲ့ ချဲလ်ဆီးတို့ကို ကိုင်တွယ်ခဲ့ဖူးလို့ ပရီးမီးယားလိဂ်အတွေ့အကြုံကြွယ်၀ပြီး ပီအက်စ်ဂျီကိုလည်း နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း သူက လွန်ခဲ့တဲ့သုံးလလောက်ကမှ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အမေရိကန်အသင်းနဲ့အတူ ဆက်ရှိနေမယ့် စာချုပ်သက်တမ်းတိုးမြှင့်မှုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

တဖက်မှာလည်း Sky Sports ရဲ့ဗုဒ္ဓဟူးနေ့ဖော်ပြချက်တွေအရ အတိတ်မှာ အိုးထရက်ဖို့ဒ်ဆီ ရောက်ရှိဖို့ အကြိမ်ကြိမ်သတင်းထွက်ပေါ်ခဲ့ဖူးတဲ့ ပိုချက်တီနိုက ယူနိုက်တက်ရဲ့နည်းပြသစ်ဖြစ်လာဖို့ နှုတ်အားဖြင့် သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

တကယ်လို့ ပိုချက်တီနိုသာ မန်ချက်စတာဆီ ပြောင်းရွှေ့မယ်ဆိုရင် အမေရိကန်ဘောလုံးအဖွဲ့ချုပ်က အသက် ၅၄ နှစ်အရွယ်နည်းပြအတွက် စာချုပ်ပါလျော်ကြေးငွေ ဒေါ်လာ ၁၀ သန်း (ပေါင် ၇ ဒဿမ ၅ သန်း) ရရှိသွားမယ်လို့ သိရပါတယ်။