ဆန်းဒါးလန်မှာ ခြေစွမ်းပြသနိုင်စေမယ့် လျှို့ဝှက်ချက်ကို ဖွင့်ဟလာတဲ့ ဘရော့ဘီ
ဆန်းဒါးလန်းတိုက်စစ်မှူးဘရော့ဘီက အီတီဟတ်ကွင်းမှာ မန်စီးတီးကို ၅-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ကြောင်နက်တွေအတွက် ဟက်ထရစ်သွင်းယူပြီးနောက် အမှတ်ရစရာ သီတင်းပတ်တစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်ကစားသမားက နယ်သာလန်လက်ရွေးစင်အသင်းနဲ့ မပူးပေါင်းမီ သူ့ရဲ့ခြေစွမ်းပိုင်းအတွက် စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်အဖြစ် ရှားရှားပါးပါး ၁၀ မှတ်ပေးရာမှာ ၁၀ မှတ်အပြည့် ရရှိခဲ့ပါတယ်။
ESPN နဲ့တွေ့ဆုံချိန် ဘရော့ဘီက စွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပြ ပက်ထရစ်ဝါ့စ်နဲ့အတူ ရုပ်သံမှတ်တမ်းတွေကို အသေးစိတ်ပြန်လည်သုံးသပ်လေ့လာမှုကြောင့် သူ့ရဲ့ကစားပုံ ပိုမိုတိုးတက်လာစေဖို့ အထောက်အကူဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အခုလို ပွဲစဉ်မှတ်တမ်းတွေကို ကြည့်ရှုလေ့လာခြင်းဖြင့် ပိုမိုပါးနပ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်သလို နေရာယူမှု ကောင်းမွန်လာစေဖို့နဲ့ စွမ်းအင်ကို ထိန်းသိမ်းအသုံးချနိုင်ဖို့ အထောက်အကူဖြစ်စေတယ်လို့ သူက ပြောပါတယ်။
ဘရော့ဘီက "ပြိုင်ဘက်ထက် ပိုမိုမြန်ဆန်ပြီး ပိုမိုပါးနပ်လာဖို့အတွက် ကျွန်တော့်ရဲ့ဘေးပပတ်ဝန်းကျင်ကို ပိုပြီး သတိထားကြည့်တတ်လာခဲ့ပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော့်ကို ကာကွယ်နေတဲ့ နောက်ခံလူ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို ပိုသိလာလို့ ကျွန်တော့်အတွက်လည်း ကစားရတာ အနည်းငယ် ပိုမိုလွယ်ကူစေပါတယ်" လို့ ဆိုပါတယ်။