ဂျာမနီလက်ရွေးစင်ဟောင်းတွေဆီ ယာဂန်ကလော့ပ် ပေးပို့ခဲ့တဲ့ အီမေးလ်သတင်းစကား ပေါက်ကြားလာ
ဂျာမနီလက်ရွေးစင်ကစားသမားဟောင်းအားလုံးဆီ ယာဂန်ကလော့ပ် ပေးပို့ခဲ့တဲ့ အီမေးလ်တစ်စောင်ကို လက်ခံရရှိထားတယ်လို့ Bild သတင်းစာမှ ဖော်ပြလာပါတယ်။
လာမယ့်ကြာသပတေးနေ့၊ နယ်သာလန်နဲ့ရင်ဆိုင်ရမယ့် ဂျာမနီနည်းပြဘ၀ ပထမဆုံးပွဲစဉ်မတိုင်ခင် ယာဂန်ကလော့ပ်က ဂျာမနီလက်ရွေးစင်ဟောင်းအားလုံးဆီ သူတို့ရဲ့အားပေးထောက်ခံမှု ရရှိစေဖို့ အီးမေးလ်တစ်စောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Bild ရဲ့ ဖော်ပြချက်အရ "၂၀၂၈ ယူရိုပြိုင်ပွဲဆီ လျှောက်လှမ်းမယ့် ခရီးလမ်းမှာ ကျွန်တော်တို့ရဲ့လက်ရွေးစင်အသင်း အသစ်တဖန်စတင်မှုအတွက် ခင်ဗျားတို့ကိုယ်တိုင် ဆက်လက်လက်တွဲပြီး ဝန်းရံထောက်ခံပေးကြမယ်ဆိုရင် ကျွန်တော် အလွန်ဝမ်းသာမိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံးက လက်ရွေးစင်အသင်းကြီး ဖြစ်နေလို့ပါပဲ" လို့ ကလော့ပ်က ဒီအီးမေးလ်ထဲမှာ ရေးသားခဲ့ပါတယ်။
ကလော့ပ်က ကစားသမားဘ၀မှာ ဂျာမနီကို ကိုယ်စားပြုခွင့် မရရှိခဲ့ပေမဲ့ အခုတော့ မတူညီတဲ့အခန်းကဏ္ဍမှတဆင့် လက်ရွေးစင်အသင်းရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ နည်းပြတစ်ဦးအဖြစ် နိုင်ငံကို ကိုယ်စားပြုခွင့်ရရှိတယ်ဆိုတာ ဘယ်လောက်အထိ ဂုဏ်ယူဖို့ကောင်းသလဲဆိုတာနဲ့ သူ့အရင် မျိုးဆက်ဟောင်းတွေရဲ့အောင်မြင်မှုကိုလည်း အသိအမှတ်ပြုပါတယ်လို့ ကလော့ပ်က ရှင်းရှင်းလင်းလင်းဖော်ပြခဲ့ပါတယ်။
"ကစားသမားဘ၀မှာ လက်ရွေးစင်အဖြစ် ရွေးချယ်ခံရဖို့ဆိုတာ ကျွန်တော့်အတွက် မိုင်ပေါင်းများစွာ ဝေးကွာခဲ့ဖူးပါတယ်၊ ဒီနေ့မှာတော့ လက်ရွေးစင်အသင်းနည်းပြအဖြစ် ဒီလူစာရင်းရွေးချယ်မှုတွေကို ကိုယ်တိုင်လုပ်ဆောင်ခွင့် ရှိနေပါပြီ။ ဒါ ကျွန်တော် အလွန်တန်ဖိုးထားရတဲ့ အခွင့်ထူးကြီးတစ်ခုပါပဲ။ ခင်ဗျားတို့ရဲ့အောင်မြင်မှုတွေကို ကျွန်တော်ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုတာ စကားလုံးတွေနဲ့တောင် ဖော်ပြဖို့ မလုံလောက်ပါဘူး" လို့ သူက ရေးသားခဲ့ပါတယ်။
"ပြီးခဲ့တဲ့ဩဂုတ် ၁၅ ရက်ကတည်းက ဂျာမနီဘောလုံးအဖွဲ့ချုပ်မိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့လို့ အလွန်ဂုဏ်ယူမိပါတယ်။ ဒါက ခင်ဗျားတို့ရဲ့မိသားစုလည်း ဖြစ်ပါတယ်"လို့ ဆက်လက်ဖော်ပြခဲ့ပါတယ်။
ဂျာမနီအသင်းက လာမယ့်ကြာသပတေးနေ့၊ အက်စတာဒမ်မြို့မှာ နယ်သာလန်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အပါအဝင် ယူအီးအက်ဖ်အေနေရှင်းလိဂ်ပွဲစဉ်လေးခုကို အခုနိုင်ငံတကာသီတင်းပတ်မှာ ယှဉ်ပြိုင်ကစားသွားရပါမယ်။