ပွဲပန်းမှုဆိုင်ရာ စီမံခန့်ခွဲရေးကိစ္စကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်လိုက်တဲ့ ကိုးလ်ပယ်လ်မာ
ချဲလ်ဆီးကြယ်ပွင့်ကိုးလ်ပယ်လ်မာက နေးရှင်းလိဂ်ပြိုင်ပွဲဝင် လက်ရွေးစင်လူစာရင်းမှ နုတ်ထွက်ဖို့ပြင်ဆင်နေလို့ အင်္ဂလန်နည်းပြသောမတ်စ်တူချယ်အတွက် ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာပါတယ်။
အခုဘောလုံးရာသီရဲ့ ပထမဆုံးနိုင်ငံတကာသီတင်းပတ်အဖြစ် လာမယ့်သီတင်းပတ်နှစ်ပတ်အတွင်း ယှဉ်ပြိုင်ကစားရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ပယ်လ်မာကို တူချယ်က အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းဆီ ပြန်လည်ခေါ်ယူခဲ့ပါတယ်။
တူချယ်က တိုးချဲ့ထားတဲ့ နေရှင်းလိဂ်ပွဲစဉ်တွေအတွက် ကစားသမား ၂၇ ဦးပါ လူစာရင်းကို စုဖွဲ့ထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းနဲ့နှိုင်းယှဉ်ရင် ရှစ်နေရာအထိ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။ သူတို့တွေက အခုနိုင်ငံတကာသီတင်းပတ်အတွင်း စပိန်၊ ချက်(အိမ်ကွင်း/အဝေးကွင်း)၊ ခရိုအေးရှားတို့နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။
ဒါပေမဲ့ The Athletic သတင်းထောက်ဒေးဗစ်အွန်းစတိန်းရဲ့ဖော်ပြချက်အရ ပယ်လ်မာက ပွဲပန်းမှုဆိုင်ရာ စီမံခန့်ခွဲရေးကိစ္စကြောင့် အသင်းမှ နုတ်ထွက်တော့မယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ်ကစားသမားက ရာသီအစမှာတင် ရုန်းကန်နေရတဲ့ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံခုနစ်ပွဲ ကစားထားပြီး ၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးထားပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှ ချန်လှပ်ခံရပြီးနောက် အခု ပယ်လ်မာရဲ့ပြန်လည်ပါဝင်လာမှုကို ကစားသမားရဲ့အရည်အသွေးတွေ သက်သေပြနိုင်မယ့် အခွင့်အရေးဖြစ်တယ်လို့ တူချယ်က အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီကွင်းလယ်လူက ဂျာမန်လူမျိုးနည်းပြလက်အောက်မှာ ခြေစွမ်းပြသနိုင်မယ့် အခွင့်အရေးကို နောက်တစ်ကြိမ်လွဲချော်သွားနိုင်မယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါတယ်။
ပယ်လ်မာ၊ အာနိုးလ်တို့ ပြန်လည်ပါဝင်လာမှုနဲ့ပတ်သက်ပြီး တူချယ်က "သူတို့ရဲ့ ရာသီအစ ကောင်းမွန်ခဲ့ပါတယ်။ သူတို့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့ဘက်ကသာ တခြားကစားသမားတွေကို ရွေးချယ်ခဲ့တာပါ" လို့ ပြောကြားခဲ့ဖူးပါတယ်။
"ဒါကြောင့် အခုက ပြိုင်ပွဲအသစ်တစ်ခုပါ။ ကစားသမားတချို့၊ နေရာတချို့မှာ ဒဏ်ရာပြဿနာတွေ ပိုများသလို တချို့နေရာတွေမှာတော့ နည်းပါးပါတယ်။ ပယ်လ်မာမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ရှိသလို သူ့ရဲ့သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ကိန်းဂဏန်းအချက်အလက်တွေလည်း ပြန်လည်ရရှိနေပါပြီ။ ဒါကြောင့် သူ့ကို အသင်းလူစာရင်းမှာ ရွေးချယ်ခဲ့တာပါ"
"သူ့အတွက် သက်သေပြစရာတွေ ရှိနေတယ်လို့ ယူဆမိသလို အာနိုးလ်အတွက်လည်း အတူတူပါပဲ။ သူ့ကို လူစာရင်းထဲမှ ဘယ်တော့မှ မဖယ်ရှားထားခဲ့ပါဘူး။ ကျွန်တော်တို့အတွက် ရွေးချယ်လို့မရတဲ့သူ မဟုတ်ပါဘူး။ ဒါကြောင့် စခန်းသွင်းလေ့ကျင့်မှုဆီ လာရောက်ပြီး အကောင်းဆုံးပုံစံပြသနိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်"
အခုတော့ ပယ်လ်မာမပါဝင်နိုင်လို့ ချဲလ်ဆီးကစားသမားရဲ့နေရာမှာ အစားထိုးဖို့ နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်လူမော်ဂန်ဂစ်ဝှိုက်ဆီ တူချယ် မြှားဦးလှည့်သွားပြီလို့ ဒေးဗစ်အွန်စတိုင်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။