ဘုန်းမောက်နဲ့ရင်ဆိုင်ရချိန် အနိုင်ရရှိခဲ့လို့ ကျေနပ်အားရနေတဲ့ အီရာအိုလာ
လီဗာပူးနည်းပြအီရာအိုလာက ဘုန်းမောက်ကွင်းဆီ ပြန်လည်ရောက်ရှိလာချိန်၊ သူ့ရဲ့အသင်းသစ်အတွက် ပရီးမီးယားလိဂ်နိုင်ပွဲ ရယူပေးနိုင်ခဲ့လို့ ကျေနပ်အားရမိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘုန်းမောက်ရဲ့ဗီတယ်လတီကွင်းမှာ လီဗာပူးအသင်းအတွက် အဖိုးတန်အနိုင်သုံးမှတ်ရယူဖို့ အသက် ၂၆ နှစ်အရွယ်ကစားသမားအီဆက်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကိုသာ လိုအပ်ခဲ့ပါတယ်။
ဒါ့အပြင် နည်းပြအီရာအိုလာကိုယ်တိုင်လည်း တောင်ဘက်ကမ်းရိုးတန်းဒေသမှ ထွက်ခွာလာပြီးနောက် သူ့ရဲ့ကလပ်အသင်းဟောင်းအိမ်ကွင်းဆီ ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာမှု ဖြစ်ပြီး နိုင်ပွဲနဲ့အတူ မာဆေးဆိုဒ်ဆီ ပြန်လာနိုင်လို့ မျက်နှာပန်းလှသွားခဲ့ပါတယ်။
ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် အီရီယိုလာက လာရောက်ကစားဖို့ခက်ခဲတဲ့နေရာတစ်ခုမှာ ပြသသွားတဲ့ သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကို ချီးကျူးခဲ့ပါတယ်။
သူက "ဒီကွင်းဆီ လာရောက်ကစားဖို့ဆိုတာ ခက်ခဲမယ်လို့ ကျွန်တော် သိထားလို့ ရလဒ်အပေါ် ကျေနပ်မိပါတယ်" လို့ ပြောပါတယ်။
"ပထမပိုင်းပြီးခါနီးမှာ ကျွန်တော်တို့အသင်း ပိုကောင်းလာခဲ့ပြီး ဒုတိယပိုင်းမှာလည်း ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ပွဲအစပိုင်းမှာတော့ ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပါတယ်"
"ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပွဲကို ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်ခဲ့သလို ပွဲကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးတွေလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပွဲရဲ့ပထမပိုင်းမှာတော့ second balls တွေကို ကျွန်တော်တို့ မရယူနိုင်ခဲ့ပါဘူး။ သူတို့ဘက်က ပြင်းပြင်းထန်ထန် ကစားလာချိန်မှာ ကိုယ့်ဘက်မှာလည်း အဲဒီအဆင့်အတန်းမျိုးရှိနေဖို့ လိုအပ်ပါတယ်"လို့ ပြောပါတယ်။
ခံစစ်ပိုင်းနဲ့ပတ်သက်ပြီး အီရာအိုလာက "ခြုံငုံပြောရရင်တော့ အသင်းလိုက်စွမ်းဆောင်ရည်အဖြစ် သုံးပွဲဆက်တိုက် ပေးဂိုးမရှိ (clean sheet) မှတ်တမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ တိုးတက်အောင်လုပ်ဆောင်ရမယ့် အချက်တွေ ရှိနေသေးပေမဲ့ ခံစစ်ကစားဖို့ လိုအပ်တဲ့အခိုက်အတန့်တွေမှာ ခံစစ်မှူးတွေကိုယ်တိုင် ကျွန်တော်တို့အတွက် ခိုင်မာတောင့်တင်းမှုကို ပေးစွမ်းထားနိုင်ပါတယ်" လို့ ပြောပါတယ်။
ဖလော်ရီယန်ဝစ်ဇ်နဲ့ပတ်သက်ပြီး လီဗာပူးနည်းပြက "ပွဲအစပိုင်းမှာတော့ အနည်းငယ်နှေးကွေးခဲ့ပေမဲ့ ကစားကွက်တည်ဆောက်မှုအပိုင်းမှာ ဖလော်ရီယန်ဝစ်ဇ်က ကျွန်တော်တို့ကို အများကြီးကူညီပေးခဲ့ပါတယ်။ သူ့ရဲ့ ဒုတိယပိုင်းစွမ်းဆောင်ရည်အပေါ် ကျွန်တော် ပိုပြီး ကျေနပ်မိပါတယ်" လို့ ဆိုပါတယ်။