The network connection is lost.

Banner Image

ဖူလ်ဟမ်နဲ့သရေပွဲစဉ်အပြီး ရာထူးမှထုတ်ပယ်ဖို့ တောင်းဆိုသံတွေကို ဂရုမစိုက်ပါဘူးလို့ တုံ့ပြန်လိုက်တဲ့ မိုက်ကယ်ကာရစ်

မန်ချက်စတာယူနိုက်တက်ရဲ့စိတ်ပျက်စရာရာသီသစ်စတင်မှု ဆက်လက်တည်ရှိနေပေမဲ့လည်း ကလပ်အသင်းပတ်ဝန်းကျင်မှာ ထွက်ပေါ်လာနေတဲ့ ကောလာဟလဆူညံသံတွေကို  ဂရုမစိုက်ပါဘူးလို့ နည်းပြမိုက်ကယ်ကာရစ်က ပြောကြားခဲ့ပါတယ်။

လတ်တလောမှာ ယူနိုက်တက်က ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ငါးခုအနက် တစ်ပွဲသာ အနိုင်ရရှိထားပြီး စက်တင်ဘာ/အောက်တိုဘာ နိုင်ငံတကာသီတင်းပတ်မတိုင်ခင် အမှတ်ပေးဇယားအဆင့် ၁၂ နေရာဆီ ရောက်ရှိနေပါတယ်။ 

၂၀၀၉ ခုနှစ်နောက်ပိုင်း သရဲနီတွေမရှုံးနိမ့်ခဲ့ဖူးတဲ့ ကရာဗန်ကော့တေ့ချ်ကွင်းမှာ ယူနိုက်တက်အတွက် သရေရလဒ်ထွက်ပေါ်စေမယ့် ချေပဂိုးကို ကွန်ဟာက ပွဲချိန်နှောင်းပို်ငးမှာ သွင်းယူပေးခဲ့ပါတယ်။
 
ကလပ်အသင်းအတွင်းပိုင်းမှာလည်း မကျေနပ်မှုတွေ နောက်တစ်ကြိမ် ပြန်ထွက်ပေါ်လာနေပေမဲ့ ကာရစ်ကတော့ ဒီလိုဆူညံသံတွေကို လုံး၀အာရုံမစိုက်ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။
 
ပွဲစဉ်အပြီး BBC Sport နဲ့ တွေ့ဆုံချိန် သရဲနီနည်းပြက "ကျွန်တော်တို့ ပွဲကို အနိုင်ရဖို့အတွက် လုံလုံလောက်လောက် ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အနိုင်ရသင့်တယ်လို့ ယူဆမိပါတယ်။ ကံဆိုးစွာနဲ့ဘဲ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပေမဲ့ ပွဲချိန်အများစုမှာတော့ ကျွန်တော်တို့အသင်း ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
 
"ပြိုင်ဘက်ဂိုးသမားက တကယ့်ကို ထိပ်တန်းကာကွယ်မှုတွေ ပြုလုပ်သွားခဲ့တာပါ။ တခြားနေ့မှာသာဆိုရင် ကျွန်တော်တို့ နှစ်ဂိုး၊ သုံးဂိုးလောက် ရပြီးသွားပါပြီ။ ကစားသမားတွေရဲ့ တုံ့ပြန်ပုံကို ကျွန်တော် ကျေနပ်မိပါတယ်။ သူတို့က ယုံကြည်ချက်ကို ဆက်လက်ထိန်းသိမ်းပြီး မှန်ကန်တဲ့အရာတွေကို ဆက်လုပ်ခဲ့ကြပါတယ်။ တစ်မှတ်ရရှိခဲ့တယ်ဆိုတာ အနည်းဆုံးရသင့်ရထိုက်တဲ့ ရလဒ်ဖြစ်ပါတယ်" လို့ ဆက်ပြောပါတယ်။
 
ဖူလ်ဟမ်ရဲ့ဦးဆောင်ဂိုးနဲ့ပတ်သက်လို့ ကာရစ်က "ပထမဆုံး ကွန်ဟာအပေါ် ပြစ်ဒဏ်ဘောကျူးလွန်ခဲ့တယ်လို့ ထင်ပါတယ်။ အဲ့ဒီအတွက် ငြင်းခုံစရာအချက်လည်း ရှိနေပါတယ်"
 
"ကန်ချက်ကတော့ ကစာသမားတစ်ဦးကို ဖြတ်ပြီး ရောက်ရှိလာသလို အရာအားလုံး လျင်လျင်မြန်မြန်ပဲ ဖြစ်သွားခဲ့ပါတယ်။ ဒါမျိုးအခြေအနေတွေဆိုတာ ကျွန်တော်တို့အပေါ် ဆန့်ကျင်တဲ့ကိစ္စတွေ မကြာခဏဖြစ်ပေါ်စေပါတယ်။ ကံကောင်းစွာနဲ့ပဲ သရေတစ်မှတ်တော့ ရယူနိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
 
လတ်တလောဝေဖန်သံတွေ၊ ဆူညံသံတွေနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်သလားဆိုတဲ့ မေးခွန်းကို ကာရစ်က "မဖြစ်ပါဘူး၊ ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာက ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို လိုချင်နေတာပါပဲ"
 
"ကျွန်တော်တို့ ရမှတ်တွေ ပိုလိုချင်ပါတယ်။ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာတဲ့ အချိန်ကာလမျိုးတွေ ကြုံရတတ်ပြီး အခုလည်း သေးငယ်တဲ့အမှားလေးတွေမှ ကြီးမားတဲ့ ပြဿနာတွေအဖြစ် အဆုံးသတ်သွားတဲ့ အချိန်ကာလတစ်ခုကို ကြုံတွေ့နေရတာပါ"
 
"ကျွန်တော်တို့ အရာရာ ပြီးပြည့်စုံနေတယ်လို့ လုံးဝမထင်ပါဘူး။ ဘောလုံးပွဲတွေကို အနိုင်ရဖို့ လိုအပ်ပါတယ်။ ပရိသတ်တွေကတော့ ဒီနေ့မှာလည်း ထိပ်တန်းအဆင့်ပုံစံ အားပေးခဲ့ကြလို့ သူတို့ ဆက်လက်အားပေးနိုင်မယ့် အရာတစ်ခုကို ကျွန်တော်တို့ ပြန်လည်ပေးစွမ်းနိုင်ရပါမယ်" လို့ တုံ့ပြန်ဖြေကြားပါတယ်။