လီဗာပူးဆီ အလွန်ဆို ပြန်သွားဖို့ဆိုတာ မလွဲမသွေဖြစ်လာမယ့်ကိစ္စပါလို့ မန်ဒီယေတာဆို
စပိန်နဲ့ဘာစီလိုနာကြယ်ပွင့်ဟောင်းမန်ဒီယေတာက လီဗာပူးဆီ အလွန်ဆို ပြန်သွားလိမ့်မယ်လို့ ခန့်မှန်းပြောဆိုလိုက်ပါတယ်။
အလွန်ဆိုကတော့ လီဗာပူးအစား ချဲလ်ဆီးကို ရွေးချယ်ခဲ့မှုနဲ့ပတ်သက်လို့ အချိန်အခါကြောင့်သာဖြစ်ပြီး သူ့အပေါ် ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ထားတဲ့ လီဗာပူးအပေါ် ချစ်ခင်မြတ်နိုးမှု မရှိလို့ မဟုတ်ဘူးလို့ ရှင်းပြထားပါတယ်။ အခုနှစ်အစောပိုင်း၊ အန်းစလော့ရဲ့အနာဂတ် မရေမရာဖြစ်နေချိန် အလွန်ဆိုကို လီဗာပူးနည်းပြသစ်ဖြစ်လာဖို့ ထင်ကြေးပေးမှုတွေ ရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ စပိန်သားနည်းပြက ချဲလ်ဆီးနဲ့ပဲ ပူးပေါင်းခဲ့ပါတယ်။
အနောက်လန်ဒန်မှာ ရာသီသစ်အတွက် အလွန်ဆို ပြင်ဆင်နေချိန် မန်ဒီယေတာက အနာဂတ်မှာ ကြိုးကြာနီတွေနဲ့ စပိန်သားနည်းပြတို့ ပြန်လည်လက်တွဲနိုင်ပြီး အလွန်ဆိုပြန်လာမယ်ဆိုရင် ဖလော်ရီယန်ဝစ်ဇ်လည်း ဝမ်းသာသွားပါလိမ့်မယ်လို့ BetVictor နဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
"ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုရှိလာရင် ဒါက အခွင့်အရေးကောင်းဖြစ်လို့ လက်ခံလိုက်ကြတာပါပဲ။ ဒါပေမဲ့ အလွန်ဆိုရဲ့စိတ်ထဲမှာတော့ လီဗာပူး ရှိနေတုန်းပဲလို့ ကျွန်တော် ထင်ပါတယ်။ နည်းပြလောကအပြောင်းအလဲတွေကြောင့် လီဗာပူးနည်းပြနေရာ မလစ်လပ်ခင် လပိုင်းအလို သူက ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်တာပါ။ အဲ့ဒီကာလမှာဆိုရင်တော့ အလွန်ဆိုက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ အနာဂတ်မှာတော့ လီဗာပူးနည်းပြအဖြစ် အလွန်ဆိုကို မြင်တွေ့ရပါဦးမယ်။ သူ့ရဲ့နှလုံးသားထဲမှာ လီဗာပူးအသင်း ရှိနေပါတယ်" လို့ မန်ဒီယေတာက ဆိုပါတယ်။
ဖလော်ရီယန်ဝစ်ဇ်နဲ့ အလွန်ဆိုတို့ ပြန်လည်လက်တွဲနိုင်မယ့် အလားအလာအပေါ် မန်ဒီယေတာက "နည်းပြတစ်ဦးက ကစားသမားတစ်ဦးကို အကောင်းဆုံးပုံစံရအောင် လုပ်ပေးနိုင်ခဲ့ရင် သူတို့ ပြန်ဆုံချင်ကြတယ်ဆိုတာ သဘာ၀ကျပါတယ်။ ဒါပေမဲ့ လီဗာပူးမှာ နည်းပြသစ်ရှိနေသလို မျှော်လင့်ချက်တွေလည်း မြင့်မားနေတာမို့ ချက်ချင်းကြီးတော့ မဖြစ်လာနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ဖလော်ရီယန်ဝစ်ဇ်ရော၊ လီဗာပူးပါ အတော်လေး ရုန်းကန်ခဲ့ရပါတယ်" လို့ သူက သုံးသပ်ခဲ့ပါတယ်။
အလွန်ဆိုက ကစားသမားဘ၀မှာ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်တို့နဲ့အတူ ချန်ပီယံလိဂ်ဆုဖလား နှစ်ကြိမ် ရရှိခဲ့သလို နည်းပြဘ၀မှာလည်း လေဗာကူဆင်အသင်းကို ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါရှုံးပွဲမရှိချန်ပီယံဖြစ်အောင် လမ်းပြပေးခဲ့ပါတယ်။ သူ့ကိုသာ အချိန်ပေးမယ်ဆိုရင် ချဲလ်ဆီးမှာလည်း အောင်မြင်နိုင်မယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းထားကြပြီး သူ့ရဲ့တိုးတက်မှုတွေကို လီဗာပူးလည်း အနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်။