မိုဆာလက်နေရာအတွက် ဘာကိုလာကိုခေါ်ယူဖို့ အပြင်းအထန်စိတ်ဝင်စားနေတဲ့ လီဗာပူး
လီဗာပူးအသင်းက အခုနွေရာသီ၊ အသင်းမှထွက်ခွာသွားတဲ့ မိုဆာလက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘာကိုလာကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံဆုအတွက် ကြိုးပမ်းမယ့် လီဗာပူးက အိုဆာဆူနာကြယ်ပွင့်ဗစ်တာမူနော့ဇ်ကို ပေါင် ၃၄ ဒဿမ ၅ သန်းဖြင့် ခေါ်ယူထားသလို အကြိုသဘောတူညီမှုရရှိထားတဲ့ ရန်းနက်စ်ခံစစ်မှူးဂျက်ကွက်ကိုလည်း အမိအရခေါ်ယူထားနိုင်ပါတယ်။
ဒါပေမဲ့ မိုဆာလက်ကို လက်လွှတ်လိုက်ရပြီးနောက် နည်းပြအီရာအိုလာက နောက်ထပ် တောင်ပံကစားသမားတစ်ဦး ခေါ်ယူဖို့ကို အဓိကအာရုံစိုက်နေပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ကြိုးကြာနီတွေရဲ့ အဓိကပစ်မှတ်အဖြစ် ဘာကိုလာကို မြင်တွေ့နေရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အတွက် ရှစ်ပွဲကစား၊ သုံးဂိုးသွင်းယူပေးခဲ့တဲ့ တောင်ပံကစားသမားအတွက် ပီအက်စ်ဂျီက ပေါင်သန်း ၁၀၀ ကျော်အထိ အလိုရှိနေပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင်သူဖာဘရီဇီယိုရိုမာနိုကလည်း အသက် ၂၃ နှစ်အရွယ်ဘာကိုလာနဲ့ ပတ်သက်ပြီး အခုသီတင်းပတ်အတွင်းမှာ ဖော်ပြလာပါတယ်။ သူက ဥရောပချန်ပီယံတွေဆီမှ ထွက်ခွာဖို့ သေချာသလောက်ဖြစ်နေတဲ့ ဘာကိုလာကိုခေါ်ယူဖို့ အမှန်တကယ်ကြိုးပမ်းနေတဲ့ တစ်ခုတည်းသောအသင်းမှာ လီဗာပူးဖြစ်တယ်လို့ ဆိုပါတယ်။
"ဘာကိုလာကို လီဗာပူးကပဲ အပြင်းအထန်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာနဲ့အတူ ထွက်ပေါ်နေတဲ့သတင်းတွေက မဟုတ်မှန်ပါဘူး။ ပီအက်စ်ဂျီရဲ့သတ်မှတ်စျေးနှုန်းနဲ့ ထွက်ခွာခွင့်အခြေအနေတွေအပေါ်မှာပဲ လီဗာပူးရဲ့အပြောင်းအရွှေ့ရည်မှန်းချက် မူတည်နေပါတယ်။ အခုထိတော့ စာချုပ်သစ်အတွက် ဆွေးနွေးထားတာမျိုး မရှိသေးပါဘူး" လို့ ရိုမာနိုက ပြောပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာလည်း လီဗာပူးအသင်းက ဖလော်ရီယန်ဝစ်ဇ်၊ အီဆက်ခ်တို့လို ကစားသမားတွေအတွက် ဗြိတိန်ပြောင်းရွှေ့ကြေးစံချိန်ကို နှစ်ကြိမ်တိုင်တိုင်ချိုးဖျက်ကာခေါ်ယူခဲ့မှုအပါအဝင် ပေါင်သန်း ၄၀၀ ကျော်အထိ သုံးစွဲခဲ့ပါတယ်။