The network connection is lost.

Banner Image

ငွေကြေးအရ အကန့်အသတ်ရှိပေမဲ့ ပက်ဂွာဒီယိုလာနဲ့ ဆွေးနွေးနေတယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ် အတည်ပြု

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဂျီယိုဗန်နီမာလာဂိုက အီတလီလက်ရွေးစင်အသင်းရဲ့နည်းပြသစ်အဖြစ် ပက်ဂွာဒီယိုလာကိုခန့်အပ်ဖို့အတွက် ဆွေးနွေးနေမှုတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

၂၀၀၆ ကမ္ဘာ့ချန်ပီယံအီတလီအသင်းက နည်းပြဂတ်တူဆိုလက်အောက်မှာလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့ဧပြီလမှာတင်  ဂတ်တူဆိုနဲ့လမ်းခွဲခဲ့ပြီး နည်းပြသစ်မခန့်အပ်နိုင်သေးဘဲ ရာထူးနေရာလစ်လပ်နေပါတယ်။

ပက်ဂွါဒီယိုလာကတော့ မန်စီးတီးအသင်းနဲ့အတူ ရနိုင်သမျှဆုဖလားအားလုံး ရယူခဲ့ပြီးနောက် ပြီးခဲ့တဲ့မေလအတွင်း စိတ်လှုပ်ရှားဖွယ်နှုတ်ဆက်ထွက်ခွာလာခဲ့ပါတယ်။ ဒါကြောင့် ပက်ဂွါဒီယိုလာအတွက် နောက်ဆုံးဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် အလုပ်လက်မဲ့ ဖြစ်လာပါတယ်။

ပက်ဂွါဒီယိုလာက မန်စီးတီးမှာ တစ်နှစ်လုပ်ခလစာ ပေါင်သန်း ၂၀ အထိ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အီတလီအသင်းကတော့ နည်းပြဟောင်းဂတ်တူဆိုရရှိခဲ့တဲ့ ပေါင် ၆၈၀,၀၀၀ ဝန်းကျင်လောက်ပဲ နည်းပြသစ်အတွက် ပေးချေနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ 

အီတလီအဖွဲ့ချုပ်ဥက္ကဋ္ဌမာလာဂိုက ပက်ဂွါဒီယိုလာနဲ့ ဆွေးနွေးမှုတွေ ရှိနေတာကို အတည်ပြုခဲ့ပြီး ငွေကြေးအရအခက်အခဲတွေရှိနေပေမဲ့ ရည်မှန်းချက်ဖြစ်မြောက်လာအောင် နည်းလမ်းရှာသွားမယ်လို့ ဆိုပါတယ်။

"ဒီဆွေးနွေးမှုတွေက အောင်မြင်မယ်လို့ အာမ,မခံနိုင်ပေမဲ့ လမ်းစပွင့်ထားတဲ့အခြေအနေကို ဆက်လက်ထိန်းသိမ်းထားတယ်ဆိုတာ မှန်ကန်တဲ့ လုပ်ရပ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တခြားလျာထားနည်းပြတွေနဲ့လည်း ဆွေးနွေးနေလို့ ဒါက သူတို့အပေါ် မလေးစားတာမျိုး မဟုတ်ပါဘူး။ နာမည်အသစ်တစ်ခု ထပ်တိုးလိုက်လို့ လုပ်ငန်းစဉ်အပေါ် မထိခိုက်စေနိုင်ပါဘူး" လို့ မာလာဂိုက 'Cronache di Spogliatoio' ပေါ့ဒ်ကတ်ဒ်မှာ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့မှာ ငွေရေးကြေးရေးနဲ့ ဘတ်ဂျက်ပိုင်းဆိုင်ရာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။ လောလောဆယ်မှာတော့ အသုံးစရိတ်တွေ ချွေတာရမယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ အခုလို အရမ်းထင်ရှားတဲ့ နာမည်မျိုးအတွက်ဆိုရင်တော့ ချွင်းချက်ထားပြီး စဉ်းစားသွားပါမယ်" လို့ သူက ဆိုပါတယ်။

အဲဒီလို ချွင်းချက်ထားပြီး စဉ်းစားပေးမယ့်သူဆိုတာ ပက်ဂွါဒီယိုလာလားလို့ မေးမြန်းရာမှာတော့ မာလာဂိုက "ဟုတ်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။

အီတလီနည်းပြသစ် ဖြစ်လာနိုင်သူတွေအနက် အန်တိုနီယိုကွန်တီ၊ ရော်ဘတ်တိုမန်စီနီနဲ့ အန်ဒရီယာပီယာလိုတို့လည်း ပါဝင်နေပေမဲ့ ပက်ဂွါဒီယိုလာကတော့ ပထမဦးစားပေး ဖြစ်နေပါတယ်။ အီတလီအသင်းက ယူရို ၂၀၂၈ ပြိုင်ပွဲမတိုင်ခင်မှာ စိတ်လှုပ်ရှားစရာ အပြောင်းအလဲတစ်ခု ဖြစ်လာဖို့အတွက် ပက်ဂွါဒီယိုလာရဲ့အကြောင်းပြန်ကြားချက်ကို အခုသီတင်းပတ်အတွင်း စောင့်ဆိုင်းနေတယ်လို့ သတင်းတွေအရ သိရပါတယ်။