The network connection is lost.

Banner Image

မန်စီးတီးနဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ ဖိုဒန်

ဖီးလ်ဖိုဒန်က မန်စီးတီးမှာပဲ သူ့ရဲ့အနာဂတ်ကို မြှုပ်နှံထားဖို့အတွက် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဖိုဒန်က မန်စီးတီးအတွက် ၃၆၉ ပွဲကစားကာ ၁၁၀ ဂိုး သွင်းယူပေးထားပါတယ်။ အခုစာချုပ်သစ်ကြောင့် လာမယ့်လေးနှစ်တာကာလအတွင်း သူသာ ကြံ့ခိုင်မှုပြည့်၀နေမယ်ဆိုရင် အသင်းအတွက် ပွဲ ၅၀၀ ပြည့်မြောက်အောင် ကစားပေးနိုင်တဲ့ ဆဋ္ဌမမြောက်ကစားသမား ဖြစ်လာနိုင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ရာသီမှာတော့ ဖိုဒန်က မန်စီးတီးအတွက် ပွဲ ၅၀ ပါဝင်ကစားကာ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်းမှာ မပါဝင်လာတဲ့ ကွင်းလယ်ကစားသမားအတွက်တော့ ပြီးခဲ့တဲ့ဘောလုံးရာသီက ခြေစွမ်းပြသဖို့ အနည်းငယ်ရုန်းကန်ခဲ့တဲ့ ကာလတစ်ခုလည်း ဖြစ်ပါတယ်။

စာချုပ်သစ်ချုပ်ဆိုပြီးချိန် ဖိုဒန်က နည်းပြသစ်အန်ဇိုမာရက်စ်ကာနဲ့အတူ လုပ်ကိုင်ဆောင်ရွက်ရမယ့်အခြေအနေ၊ ၂၀၃၀ ပြည့်နှစ်အထိ ထားရှိထားတဲ့ အနာဂတ်ရည်မှန်းချက်နဲ့ ဆုဖလားတွေ ထပ်မံရယူချင်တဲ့ ဆန္ဒတွေကို ဖွင့်ဟခဲ့ပါတယ်။

"မန်စီးတီးမှာပဲ ကျွန်တော့်အနာဂတ်ကို ဆက်ရှိနေစေဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာ ကျွန်တော့်အတွက် အရာရာတိုင်းပါပဲ။ ဒီကလပ်အသင်းမှာ ကစားဖို့ဆိုတာ ကျွန်တော့်ရဲ့ တစ်ခုတည်းသော အိပ်မက်ဖြစ်ခဲ့သလို ဒီအသင်းဂျာစီဝတ်ဆင်ရချိန်တိုင်းမှာလည်း အမြဲတမ်းဂုဏ်ယူမိပါတယ်" လို့ ဖိုဒန်က ပြောပါတယ်။

"ဆုဖလားတွေ အများကြီးရရှိခဲ့တဲ့ သမိုင်းဝင်အချိန်တွေမှာ ပါဝင်ခွင့်ရရှိတာကိုလည်း ကျွန်တော့်အတွက် အလွန်ကံကောင်းတယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အနာဂတ်ကိုပဲ ကြည့်ပြီး ဆုဖလားတွေ ထပ်ရအောင် အမြဲကြိုးစားသွားပါမယ်။ ကျွန်တော့်အပေါ် ဆက်လက်ယုံကြည်ပေးနေတဲ့ ကလပ်အသင်း၊ ဝန်ထမ်းတွေ၊ အသင်းဖော်တွေနဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ မန်စီးတီးအတွက် ကျွန်တော် အစွမ်းကုန် ပေးဆပ်သွားမှာဖြစ်သလို ရှေ့လာမယ့်နှစ်တွေမှာလည်း ဒါကို ပြန်ပြီး ကျေးဇူးဆပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် ဖိုဒန်က "အန်ဇိုမာရက်စ်ကာနဲ့ အလုပ်ပြန်တွဲလုပ်ဖို့လည်း မစောင့်နိုင်တော့ပါဘူး။ ဖလားသုံးလုံးရခဲ့တဲ့ရာသီမှာ သူ့ရဲ့စွမ်းဆောင်ရည် အလွန်ထက်မြက်ခဲ့ပါတယ်။ သူ့ကို ကစားသမားတိုင်း လေးစားရသလို အလုပ်လည်း တွဲလုပ်ချင်ကြပါတယ်။ သူပြန်ရောက်လာတယ်ဆိုတာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ တစ်ဦးချင်းပိုင်းမှာလည်း နည်းပြတွေ၊ ကမ္ဘာ့အဆင့်အသင်းဖော်တွေနဲ့တွဲဖက်လုပ်ဆောင်ရင်း အများကြီး တိုးတက်လာခဲ့ပါတယ်။ အသင်းမှာ ကျွန်တော် နေရာစရလာချိန် ရှိခဲ့ဖူးတဲ့ ဂန္တဝင်ကစားသမားကြီးတွေက အသင်းမှထွက်ခွာသွားကြလို့ ဒီကလပ်ကြီးမှာ ရှိနေတဲ့ ကျွန်တော့်ရဲ့ ကစားသမားဘဝ နောက်ထပ်အခန်းကဏ္ဍသစ်အတွက် ရင်ခုန်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဖိုဒန်ဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ခြောက်ကြိမ်၊ လိဂ်ဖလား ငါးကြိမ်နဲ့ ချန်ပီယံဖလား အပါဝင် ဆုဖလားအမြောက်အများကို ဆွတ်ခူးရရှိထားပါတယ်။ အခုတော့ သူက ဂန္တဝင်နည်းပြပက်ဂွါဒီယိုလာရဲ့နေရာကို အစားထိုးဝင်ရောက်လာတဲ့ အန်ဇိုမာရက်စ်ကာရဲ့လက်အောက်မှာ အသင်းရဲ့သစ်လွင်တဲ့ခေါင်းဆောင်မှုနဲ့အတူ ခေတ်သစ်တစ်ခုကို စတင်ဖြတ်သန်းသွားရပါတော့မယ်။