The network connection is lost.

Banner Image

အသက် ၄၁ နှစ်အရွယ်မှာ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ ကြေညာလိုက်တဲ့ မက္ကဆီကိုနဲ့ ကမ္ဘာ့ဖလားဂန္ထဝင် အိုချိုအာ

မက္ကဆီကို ဂိုးသမား ဂွီလာမို အိုချိုအာဟာ နှစ်ပေါင်း ၂၀ ကျော်ကြာ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို အဆုံးသတ်ပြီး အနားယူတော့မယ်လို့ အတည်ပြု ကြေညာလိုက်ပါတယ်။ အသက် ၄၁ နှစ်အရွယ် အိုချိုအာဟာ ၎င်းရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးခဲ့ပြီးနောက် အင်္ဂါနေ့မှာတော့ အနားယူဖို့ ဆုံးဖြတ်ချက်ကို လူမှုကွန်ရက်ကနေတစ်ဆင့် အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ မက္ကဆီကိုအသင်းက ချက်သမ္မတနိုင်ငံအသင်းကို ၂ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ နောက်ဆုံး ၁၂ မိနစ်မှာ အိုချိုအာ ဝင်ရောက်ကစားခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်တုန်းက Club America အသင်းအတွက် ပထမဆုံး ပွဲဦးထွက်ကစားခဲ့တဲ့ Azteca အားကစားကွင်းမှာပဲ ပရိသတ်တွေရဲ့ လက်ခုပ်ဩဘာပေး အားပေးမှုတွေကို သူ ရရှိခဲ့ပါတယ်။ "ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ကလပ်အသင်းတွေနဲ့ လက်ရွေးစင်အသင်းအတွက် ကွင်းထဲမှာ အရာအားလုံးကို ပေးဆပ်ခဲ့ပြီး ဒီနေ့မှာတော့ ကျွန်တော့်ရဲ့ ဂိုးသမားလက်အိတ်တွေကို ချိတ်ဆွဲ (အနားယူ) လိုက်ပါပြီ။ ဂိုးသမားတစ်ယောက် ဖြစ်တယ်ဆိုတာဟာ မိနစ် ၉၀ လုံးလုံးမှာ အရာရာတိုင်းက ကိုယ့်အပေါ်မှာပဲ မူတည်နေမယ့် အခိုက်အတန့်လေးတစ်ခုကို စောင့်ဆိုင်းနေရတာမျိုးပါ။ အဲဒီအချိန် ရောက်လာတဲ့အခါမှာလည်း ဘာမှ ဝေခွဲမနေဘဲ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ရပါမယ်" လို့ အိုချိုအာက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ အိုချိုအာဟာ မက္ကဆီကိုအသင်းအတွက် ၂၀၀၆ ဂျာမနီကမ္ဘာ့ဖလားမှာ ပထမဆုံး စတင်ပါဝင်ကစားခဲ့ပြီး ၂၀၁၀ တောင်အာဖရိက၊ ၂၀၁၄ ဘရာဇီး၊ ၂၀၁၈ ရုရှားနဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း ပါဝင်ကစားပေးခဲ့ပါတယ်။ ၂၂ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ သူ့ရဲ့ ကလပ်အသင်းကစားသမားဘဝသက်တမ်းတစ်လျှောက်မှာ ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ပေါ်တူဂီနိုင်ငံတွေက ကလပ်အသင်းတွေမှာ သွားရောက်ကစားခဲ့သူလည်း ဖြစ်ပါတယ်။