အော်စကာဇမ်ဘရာနိုကို အပြီးသတ်ခေါ်ယူလိုက်ပြီလို့ ဟားလ်စီးတီးအသင်း အတည်ပြုကြေညာ
ပရီးမီးယားလိဂ်တန်းတက်ဟားလ်စီးတီးအသင်းက အငှားကစားသမားအဖြစ် ကစားခဲ့ဖူးတဲ့ အော်စကာဇမ်ဘရာနိုကို အငှားသက်တမ်းပြည့်မြောက်ပြီး ၁၂ လ အကြာမှာပဲ အပြီးသတ်စာချုပ်ဖြင့် ပြန်လည်ခေါ်ယူပြီလို့ အတည်ပြုလိုက်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ကစားသမားက ၂၀၂၄ ခုနှစ်၊ အီကွေဒေါပြည်တွင်းကလပ်အသင်း LDU Quito မှ ဟားလ်စီးတီးအသင်းဆီ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ဖူးပြီး အဲ့ဒီတုန်းက သူက ရှစ်ပွဲပါဝင်ကစားကာ တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာတော့ Quito အတွက် ကစားပေးနေချိန် တားမြစ်ဆေးဆိုင်ရာစည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့အတူ ဇမ်ဘရာနိုက တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(Conmebol) ရဲ့ ၁၆ လကြာ ပွဲပယ်ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရပါတယ်။
နောက်ပိုင်းမှာ အားကစားဆိုင်ရာခုံရုံး(CAS)က ဒီပွဲပယ်ပြစ်ဒဏ်ကို ၁၂ လအထိ လျှော့ချပေးခဲ့ပြီး ကွင်းလယ်ခံစစ်ကစားသမားလည်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ မာရီဘောအသင်းနဲ့အတူ ဘောလုံးကွင်းဆီ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပါတယ်။
အခုအခါမှာတော့ ဇမ်ဘရာနိုက ဟားလ်စီးတီးအသင်းဆီ အပြီးသတ်ပြန်လည်ရောက်ရှိလာပြီး လေးနှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ဒီစာချုပ်ထဲမှာ အသင်းရဲ့အလိုဆန္ဒအရ နောက်ထပ် ၁၂ လ သက်တမ်းတိုးနိုင်မယ့် အခွင့်အရေးလည်း ပါဝင်ပါတယ်။