အသင်းမှ ထွက်ခွာချင်နေတဲ့ ချဲလ်ဆီးနောက်ခံလူဒီဆာစီကို ခေါ်ယူဖို့ ရိုးမားအသင်း စုံစမ်းမေးမြန်းနေ
ချဲလ်ဆီးအသင်းရဲ့ အစီအစဉ်မှာ မပါဝင်တော့တဲ့ နောက်ခံလူဒီဆာစီကိုခေါ်ယူဖို့အတွက် ရိုးမားအသင်းက စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၂၈ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့နွေရာသီကတည်းက ချဲလ်ဆီးအသင်းရဲ့အစီအစဉ်မှာ မပါဝင်တော့ဘဲ အပိုကစားသမားတစ်ဦးအဖြစ် ဆက်ရှိနေခဲ့ပေမဲ့ အသင်းမှထွက်ခွာဖို့ အခွင့်အရေး မရရှိခဲ့ပါဘူး။
သူက ယူ-၂၁ အသင်းနဲ့အတူ ခြောက်လကြာ လေ့ကျင့်ခန်းဆင်းခဲ့ပြီးနောက် ဇန်နဝါရီလမှာတော့ ဝက်စ်ဟမ်းဆီ အငှားဖြင့် ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီကလပ်အသင်းမှာ ဒီဆာစီခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ဝက်စ်ဟမ်းရဲ့တန်းဆင်းရမှုကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။
Foot Mercato ရဲ့ဖော်ပြချက်အရ ရိုးမားအသင်းက စတမ်းဖို့ဒ်ဘရစ်မှာ ဒီဆာစီရဲ့ အခြေအနေ ဘယ်လိုရှိနေသလဲဆိုတာ စုံစမ်းမေးမြန်းလာလို့ အပြီးတိုင်ထွက်ခွာခွင့်ရရှိမယ့်ပုံစံမျိုး ဖြစ်လာတယ်လို့ သိရပါတယ်။
စီးရီးအေကလပ်အသင်းက ကစားသမားရဲ့ကိုယ်စားလှယ်တွေဆီလည်း ဆက်သွယ်ထားပြီး ချဲလ်ဆီးဘက်ကတော့ ဒီဆာစီအတွက် ယူရို သန်း ၂၀ ဝန်းကျင် သတ်မှတ်ထားတယ်လို့ သိရပါတယ်။