ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီးနောက် အဲလက်စကော့ကို အသင်းမှာ ဆက်ရှိနေဖို့ ဘုန်းမောက် မျှော်လင့်နေ
ချဲလ်ဆီးအသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီးနောက် ဘုန်းမောက်အသင်းက သူတို့ရဲ့ ကွင်းလယ်ကြယ်ပွင့် အဲလက်စကော့ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။
အသက် ၂၂ နှစ်အရွယ်ကစားသမားက အခုနွေရာသီမှာ အသင်းကြီးတွေဆီ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေ အကြီးအကျယ်ထွက်ပေါ်နေသလို ချဲလ်ဆီးအပြင် မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ကလည်း သူ့ကို စိတ်ဝင်စားနေကြပါတယ်။။
ဒီကွင်းလယ်လူက ပြီးခဲ့တဲ့ရာသီ၊ ဘုန်းမောက်အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့ရာမှာ နည်းပြအီရာအိုလာအတွက် အဓိကကစားသမား ဖြစ်ခဲ့ပါတယ်။ သူက ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ပွဲအနက် တစ်ပွဲသာလွဲချော်ပြီး ကျန်ပွဲစဉ်အားလုံးကို ပါဝင်ကစားပေးခဲ့ပါတယ်။
The Athletic သတင်းဌာနရဲ့ဖော်ပြချက်အရ ဘုန်းမောက်အသင်းက စကော့ရဲ့ စာချုပ်အခြေအနေ ဘယ်လိုပဲရှိရှိ သူ့ကို ဒီနွေရာသီ၊ အသင်းမှာပဲ ဆက်ရှိနေစေဖို့ အပြည့်အဝ မျှော်လင့်ထားတယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ စကော့က အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ငြင်းပယ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သူ့ရဲ့လက်ရှိစာချုပ်သက်တမ်းကတော့ ၂၀၂၈ ခုနှစ်၊ နွေရာသီအထိ ရှိနေပါသေးတယ်။