The network connection is lost.

Banner Image

စတုဂတ်နဲ့ပွဲစဉ်အတွက် လူထုတ်ပုံနဲ့ ချန်ပီယံအောင်ပွဲခံဖို့ကိစ္စတွေအပေါ် ကွန်ပနီ နှုတ်ဆိတ်နေ

ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီက တနင်္ဂနွေနေ့ပွဲစဉ်အတွက် ဘယ်သူတွေကို ပွဲထွက်ကစားစေမလဲဆိုတာနဲ့ပတ်သက်လို့ အရိပ်အမြွက်တောင် မပြောခဲ့သလို ဒီပွဲစဉ်မှာ အနိုင်ရပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဆုအတွက် အတည်ပြုနိုင်ခဲ့ရင်တောင် အောင်ပွဲခံဖို့အတွက် ဘာအစီအစဉ်မှ မဆွဲထားသေးဘူးလို့ ဆိုပါတယ်။

လေဗာကူဆင်နဲ့ကစားရမယ့် ပိုကယ်လ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်ခင် သုံးရက်အလို၊ စတုဂတ်နဲ့ ရင်ဆိုင်ရဖို့ရှိပေမဲ့ ကွန်ပနီကတော့ ကစားသမားတွေကို အလှည့်ကျနားစေမယ့် (Rotation) အစီအစဉ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။

"ဒါက ကစားသမားတွေကို အလှည့်ကျနားခိုင်းတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီရာသီတစ်လျှောက်လုံး ဒီလိုပဲ လုပ်ဆောင်ခဲ့တာပါ။ လိုအပ်တာကြောင့် ကစားသမားအင်အားစုတစ်ခုလုံးကို အသုံးချနေတာဖြစ်ပါတယ်" လို့ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ယန်မြူးနစ်နည်းပြက ရှင်းပြခဲ့ပါတယ်။

"ဒီလိုလုပ်တာ ကျွန်တော်တို့ကို ပိုပြီးတိုးတက်ကောင်းမွန်စေသလို အမြဲတမ်းလည်း အထောက်အကူဖြစ်စေပါတယ်။ အသင်းမှာ ပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။ ကစားသမားတွေက ပွဲထွက်ခွင့်ရဖို့ သူတို့ကိုယ်သူတို့ သက်သေပြချင်နေကြတာပါ။ ဒီလို အသင်းတွင်းပြိုင်ဆိုင်မှုတွေကပဲ ကျွန်တော်တို့ရဲ့အားသာချက် ဖြစ်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ဒဏ်ရာကြောင့် လင်နတ်ကားလ်၊ တွမ်ဘစ်ရှော့ဖ်နဲ့ စဗန်အူရစ်ချ်တို့ သုံးဦး လွဲချော်ဖို့ရှိနေတယ်လို့ အတည်ပြုပြီးနောက်မှာတော့ မနက်ဖြန်ပွဲမှာ အနိုင်ရပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ရင်တောင် အလွန်အကျွံအောင်ပွဲခံဖို့ မရှိဘူးလို့ ကွန်ပနီက အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

"ချန်ပီယံဆုဆိုတာ ရာသီကုန်မှာပဲ အရေးကြီးတာပါ။ အခုက အခက်ခဲဆုံးပြိုင်ဘက်တွေအနက် ပြိုင်ဘက်အသင်းတစ်ခုနဲ့ ရင်ဆိုင်ကစားရမယ့် အခိုက်အတန့်ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေကို ကြည့်မယ်ဆိုရင် သူတို့နဲ့ပွဲတွေက အမြဲတမ်းရလဒ်သိပ်မကွာဘဲ အကြိတ်အနယ်ရှိတတ်ပါတယ်"

"ရုပ်ပိုင်းဆိုင်ရာအားပြိုင်မှု ပြင်းထန်တဲ့ပွဲမျိုး ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ စတုဂတ်က နည်းစနစ်ပိုင်းတင် ကောင်းတာမဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာလည်း အရမ်းသန်မာပါတယ်။ ဒါ့အပြင် သူတို့ရဲ့အဝေးဘောပေးပို့မှုတွေကလည်း အန္တရာယ်ရှိနိုင်ပါတယ်"

"သူတို့က လိဂ်ရဲ့ဒုတိယအကောင်းဆုံးတိုက်စစ်ကို ပိုင်ဆိုင်ထားတာပါ။ ပရိသတ်တွေအတွက်လည်း ကြည့်ကောင်းမယ့် ပွဲစဉ်တစ်ခု ဖြစ်လာနိုင်သလို ကွင်းတွင်း အငွေ့အသက်တွေကလည်း အရမ်းကောင်းနေပါလိမ့်မယ်" လို့ ကွန်ပနီက စတုဂတ်နဲ့ပွဲစဉ်ကို မျှော်လင့်ရင်း ပြောကြားသွားခဲ့ပါတယ်။