ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် စံချိန်သစ်တင်နိုင်ခဲ့လို့ ဂုဏ်ယူနေတဲ့ မစ်ချယ်
ခရစ္စတယ်ပဲလေ့စ်အသင်းနောက်ခံလူတိုင်ရစ်မစ်ချယ်က နယူးကာဆယ်နဲ့ပွဲစဉ်မှာ အသင်းအတွက် အကြိမ် ၂၀၀ မြောက်ပွဲစဉ်ကို နိုင်ပွဲနဲ့အတူ ပါဝင်ဆင်နွှဲနိုင်ခဲ့လို့ ဂုဏ်ယူဝမ်းမြောက်နေပါတယ်။
အသက် ၂၆ နှစ်၊ ၇ လနဲ့ ၁၁ ရက်အရွယ်မစ်ချယ်က ဇာဟာရဲ့စံချိန်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် သို့မဟုတ် ထိပ်တန်းလိဂ်ပွဲစဉ် ၂၀၀ ပြည့်မြောက်အောင်ကစားနိုင်တဲ့ အသက်အငယ်ဆုံးခရစ္စတယ်ပဲလေ့စ်ကစားသမား ဖြစ်လာခဲ့ပါတယ်။
အသင်းရဲ့စံချိန်သစ်နဲ့ ပတ်သက်ပြီး "ပရီးမီးယားလိဂ်မှာ အခုလို ပွဲအရေအတွက်အများကြီးကစားနိုင်ခဲ့တယ်ဆိုတာ တကယ်ကို အံ့ဩစရာကောင်းတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေ သိပ်မရှိဘဲ အခုလို ပွဲ ၂၀၀ ပြည့်ကို အမြန်ဆုံးရောက်ရှိနိုင်ခဲ့လို့ ကျေးဇူးတင်သလို ဝမ်းလည်းဝမ်းသာပါတယ်" လို့ မစ်ချယ်က ဆိုပါတယ်။
နိုင်ပွဲရရှိမှုနဲ့ ပတ်သက်ပြီးတော့လည်း "ဖီအိုရင်တီးနားနဲ့ပွဲစဉ်မှာလိုပဲ ဒီနေ့မှာလည်း ပရိသတ်တွေက အရမ်းအားပေးခဲ့ကြပါတယ်။ ကျွန်တော်တို့က သူတို့အတွက် ကစားပေးတာဖြစ်သလို သူတို့ကို ပြုံးပျော်အောင် လုပ်ပေးချင်တာပါ။ ဒီနေ့မှာ အဲ့ဒီလို လုပ်ပေးနိုင်ခဲ့လို့လည်း ကျွန်တော် တကယ်ကို ဝမ်းသာပါတယ်" လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။