အာရှဖလားရယူပေးခဲ့မဲ့ ဒိန်းမတ်လူမျိုးနည်းပြကို ရာထူးမှထုတ်ပယ်လိုက်တဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ်
လွန်ခဲ့တဲ့သီတင်းပတ်နှစ်ပတ်ခန့်တုန်းက ဂျပန်လက်ရွေးစင်အမျိုးသမီးအသင်းကို အာရှဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဒိန်းမတ်လူမျိုးနည်းပြ နီးလ်နီလ်ဆင်ကို 'ပျော့ညံ့လွန်းတယ်၊ စည်းကမ်းတင်းကျပ်မှုမရှိဘူး' ဆိုတဲ့ အကြောင်းပြချက်ဖြင့် ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဂျပန်အမျိုးသမီးအသင်းရဲ့ဒါရိုက်တာနိုရီယိုဆာဆာကီက ပြောကြားခဲ့ယ်လို့ South China Morning Post သတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လ၊ အာရှဖလားဗိုလ်လုပွဲမှာ ဂျပန်က အိမ်ရှင်သြစတြေးလျကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒါက ဂျပန်အသင်းအတွက် နောက်ဆုံးကျင်းပခဲ့တဲ့ အာရှဖလားလေးကြိမ်အနက် သုံးကြိမ်မြောက်ချန်ပီယံဆုလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အာရှဖလားမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့လို့ ဂျပန်အမျိုးသမီးလက်ရွေးစင်အသင်းက ဘရာဇီးနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပါတယ်။
ဒါပေမဲ့ အခုလိုအောင်မြင်မှုတွေက ဂျပန်ဘောလုံးအဖွဲ့ချုပ်ရဲ့မျှော်မှန်းချက်တွေကို ပြည့်မီနိုင်ရေး မလုံလောက်ခဲ့ပါဘူး။ ဒါကြောင့် ဂျပန်အမျိုးသမီးအသင်းရဲ့ ပထမဆုံးသောနိုင်ငံခြားသားနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ နီလ်ဆင်ရဲ့အခန်းကဏ္ဍကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဂျပန်ဘောလုံးအဖွဲ့ချုပ်ကတော့ နီလ်ဆင်ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်ပြီး စာချုပ်သစ်ထပ်မံကမ်းလှမ်းဖို့ မရှိဘူးလို့ ကြာသပတေးနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
အသင်းဒါရိုက်တာဆာဆာကီကတော့ နီလ်ဆင်သာ နည်းပြအဖြစ် ဆက်ရှိနေရင် လာမယ့်နှစ်ကမ္ဘာ့ဖလားမှာ ဂျပန်အသင်းဗိုလ်စွဲဖို့ မဖြစ်နိုင်ဘူးလို့ ယူဆနေပါတယ်။ နီလ်ဆင်ရဲ့ ကိုင်တွယ်ပုံကိုလည်း "အနည်းငယ်ပျော့ညံ့ပြီး လိုအပ်တာထက် ပိုပြီး အလျှော့ပေးလွန်းတယ်" လို့လည်း ဝေဖန်ခဲ့ပါတယ်။
"ကျွန်တော်တို့အတွက် ပိုပြီး တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ပိုပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လိုအပ်ပါတယ်။ အသင်းကို နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ ဘာတွေလုပ်ပေးနိုင်မလဲလို့ မေးကြည့်လိုက်ချိန် သူ့ဆီမှာ စိတ်အားထက်သန်မှု(passion)ကင်းမဲ့နေသလို ခံစားရတယ်" လို့ ဆာဆာကီက ဆိုပါတယ်။
နီလ်ဆင်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ဂျပန်အသင်းကို စတင်တာဝန်ယူခဲ့ပြီး သူ တာဝန်ယူခဲ့တဲ့ကာလအတွင်း ၁၂ ပွဲနိုင်၊ ၄ ပွဲသရေနဲ့ ၄ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။