တေလာအတွက် ပရီးမီးယားလိဂ်အသင်းတွေရဲ့စိတ်ဝင်စားမှုကို လက်ခံကြိုဆိုထားတဲ့ လာဇီယိုဥက္ကဋ္ဌလိုတီတို
လာဇီယိုအသင်းဥက္ကဋ္ဌလိုတီတိုက ကန်းနက်တေလာကို လာမယ့်နွေရာသီမှာတင် အကျိုးအမြတ်အမြန်ဆုံးရရှိဖို့အတွက် ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း အေဂျက်မှရောက်ရှိလာတဲ့ တေလာကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေ စိတ်ဝင်စားနေတယ်လို့ Il Messaggero သတင်းစာက ဖော်ပြထားပါတယ်။
ကွင်းလယ်ကစားသမားတေလာက စီးရီးအေမှာ အမြန်ဆုံးအသားကျခဲ့ပြီး ၁၁ ပွဲကစားထားရာမှာ သုံးဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
အခုလိုခြေစွမ်းကောင်းတွေကြောင့် ပရီးမီးယားလိဂ်အသင်းကြီးတွေက တေလာရဲ့အခြေအနေနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးတွေအတွက် လိုတီတိုဆီ ဆက်သွယ်ခဲ့ကြပါတယ်။
လိုတီတိုကတော့ တေလာကို တကူးတကရောင်းထုတ်ဖို့ မရည်ရွယ်ထားပေမဲ့ သင့်တော်တဲ့ ဈေးနှုန်းရမယ်ဆိုရင်တော့ ရောင်းချသွားဖို့ ပြင်ဆင်ထားပါတယ်။
လွန်ခဲ့တဲ့နှစ်လတာကာလမှာ ယူရို ၁၈ သန်းအထိ မြင့်တက်နိုင်တဲ့ ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူထားတာဖြစ်လို့ လာမယ့်နွေရာသီမှာ အဲ့ဒီဈေးနှုန်းရဲ့ နှစ်ဆ ဒါမှမဟုတ် အဲ့ဒီထက်ပိုတဲ့ ကမ်းလှမ်းမှုမျိုးရရင် တေလာကို ရောင်းထုတ်သွားမယ်လို့ လိုတီတိုက အသိပေးထားပါတယ်။