အလွန်ဆိုအပေါ် အခုလိုဆက်ဆံခဲ့မှုတွေက မဖြစ်သင့်တဲ့ကိစ္စတွေလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ ရီးရဲလ်မက်ဒရစ်ဂန္ထဝင်မီချဲလ်
ရီးရဲလ်မက်ဒရစ်ကပ္ပတိန်ဟောင်းမီချဲလ်က အခုဘောလုံးရာသီ၊ အလွန်ဆိုနဲ့ပတ်သက်ပြီး အသင်းတာဝန်ရှိသူတွေရဲ့လုပ်ရပ်တွေကို မှားယွင်းနေတယ်လို့ ယူဆနေပါတယ်။
ရီးရဲလ်မက်ဒရစ်က အခုဘောလုံးရာသီအတွင်းမှာပဲ အလွန်ဆိုကို ရာထူးမှထုတ်ပယ်ပြီး အာဘီလိုအာနဲ့ အစားထိုးခဲ့ပါတယ်။ အသင်းရဲ့ရလဒ်ပိုင်းက နည်းပြအပြောင်းအလဲအပြီး သိသိသာသာတိုးတက်လာလို့ အလွန်ဆိုရဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဘ၀လုပ်ဆောင်ချက်တွေအပေါ် ဝေဖန်လာကြပါတယ်။
ဒါပေမဲ့ Radio Marca နဲ့တွေ့ဆုံချိန် မီချဲလ်က "အသင်းမှ အလွန်ဆိုထွက်ခွာသွားရတယ်ဆိုတာ ရာသီအစမှာကတည်းက ကြိုတင်ခန့်မှန်းလို့ရနိုင်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ သတင်းတွေမှာ ရေးသားပြောဆိုနေကြတာတွေကို ကြည့်ရင် တစ်ခုခုဖြစ်တော့မယ်ဆိုတာ ရှင်းနေတာပဲ။ အလွန်ဆို လုပ်ဆောင်ခဲ့တဲ့အရာတွေနဲ့ အာဘီလိုအာ လုပ်ဆောင်နေတဲ့အရာတွေအကြားမှာ တကယ်ပဲ အများကြီး ကွာခြားနေတယ်လို့ ခင်ဗျားတို့ ထင်နေကြပါသလား?"
"နည်းပြတစ်ဦးအပေါ် ဆုံးဖြတ်ချက်ချဖို့ဆိုတာ အလွယ်ဆုံးပါပဲ။ ဘာပဲဖြစ်ဖြစ် နည်းပြကပဲ အမြဲတမ်း အသင်းမှထွက်သွားရလို့ပါ။ တကယ်တော့ အလွန်ဆိုလည်း အဲ့ဒီလောက်အထိ ရှုံးပွဲမများခဲ့ပါဘူး"လို့ ပြောပါတယ်။
လတ်တလော ဆော်ဒီကလပ်အသင်း အယ်လ်-ကွတ်စီယာမှ ထွက်ခွာလာတဲ့ မီချဲလ်က "နည်းပြတွေကို ခန့်ထားပြီးရင် သူတို့ကို ချက်ချင်းကြီးပြောင်းလဲခိုင်းလို့ မရပါဘူး။ အချိန်တစ်ခုတော့ ပေးရပါမယ်။
ကျွန်တော် ငယ်ငယ်တုန်းက အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေချိန်မှာ အန်တစ်ကို ရာထူးမှ ထုတ်ပယ်ခဲ့တာ မှတ်မိပါသေးတယ်။ အဲ့ဒီတုန်းက ချန်ပီယံဆုပြိုင်ပွဲမှာ တီနီရိုက်ဖ်ကို ကျွန်တော်တို့ အရေးနိမ့်ခဲ့ပါတယ်။ ဒါနည်းပြရဲ့အပြစ်လား? တကယ်တော့ ခင်ဗျားတို့ဆီမှာရှိတဲ့ ကစားသမားတွေနဲ့ အသင်းရဲ့ လူအင်အားကသာ အမြဲတမ်း အဓိက အရေးအကြီးဆုံး ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။