မိုင်နူးကို ၂၀၃၁ အထိ သက်တမ်းရှိမည့် စာချုပ်သစ်ချုပ်ဆိုရန် ယူနိုက်တက် အလေးထားဆောင်ရွက်နေ
မန်ချက်စတာယူနိုက်တက်အသင်းဟာ မိုင်နူးကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့အတွက် စာချုပ်သစ်ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီး သူ့ကို အသင်းမှာ ရေရှည်ရှိနေစေဖို့ ဆန္ဒရှိနေပါတယ်။
လက်ရှိမှာတော့ ယူနိုက်တက်ဟာ ယာယီနည်းပြ မိုက်ကယ်ကားရစ် လက်အောက်မှာ ရမှတ် ၃၀ မှာ ၂၃ မှတ်အထိ ရရှိခဲ့ပြီး ၁၀ ပွဲကစားရာမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်အဆင့် ၃ နေရာမှာ ရပ်တည်နေသလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း အခြေအနေကောင်းနေပါတယ်။
ကားရစ်လက်ထက်မှာ ယူနိုက်တက်ရဲ့ ခြေစွမ်းက အံ့အားသင့်စရာကောင်းလောက်အောင် တိုးတက်လာခဲ့ပြီး ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲကို ဝင်ခွင့်ရဖို့ ကြိုးစားနေချိန်မှာပဲ အနာဂတ်အတွက် ရည်ရွယ်ပြီး မိုင်နူးကို စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေတာဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါတယ်။
"မန်ချက်စတာယူနိုက်တက်ဟာ ဇန်နဝါရီလကတည်းက ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ မိုင်နူးရဲ့ စာချုပ်သစ်ကိစ္စကို အပြီးသတ်ဖို့ နီးစပ်နေပါပြီ။ ဒီစာချုပ်က ၂၀၃၁ ဇွန်လအထိ သက်တမ်းရှိမှာပါ။ မိုင်နူးဟာ ကားရစ်လက်အောက်မှာ အဓိကကစားသမားဖြစ်လာကတည်းက သူ့ကို စာချုပ်သစ်ချုပ်ဖို့က အသင်းအတွက် ဦးစားပေးဖြစ်ခဲ့တာပါ။ အသေးစိတ်အချက်အလက်တချို့ပဲ ကျန်တော့တာဖြစ်ပြီး အပြီးမသတ်သေးပေမဲ့ လက်မှတ်ရေးထိုးဖို့ နီးစပ်နေပြီဖြစ်သလို ယူနိုက်တက်ဘက်ကလည်း အကောင်းမြင်နေပါတယ်" လို့ ရိုမာနိုက ဆိုပါတယ်။
အခုရာသီကုန်မှာ ကန်စီမီရိုက စာချုပ်သက်တမ်းကုန်ဆုံးပြီး ထွက်ခွာတော့မှာဖြစ်လို့ ယူနိုက်တက်အတွက် ကွင်းလယ်ပိုင်းက အဓိက အာရုံစိုက်ရမယ့် နေရာဖြစ်လာပါတယ်။
မိုင်နူးဟာ နည်းပြကားရစ်လက်အောက်မှာ သိသိသာသာ ခြေစွမ်းတိုးတက်လာသူဖြစ်ပြီး မကြာသေးမီကမှ ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ နည်းပြကားရစ်ကလည်း ဒီအင်္ဂလန်လက်ရွေးစင် ကစားသမားလေးကို အသင်းမှာ ဆက်ရှိနေစေချင်တာကတော့ အသေအချာပါပဲ။
မိုင်နူးရဲ့ လက်ရှိစာချုပ်က လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အခုလို ခြေစွမ်းပြနေချိန်မှာ ၂၀၃၁ အထိ စာချုပ်ချုပ်ဆိုနိုင်မယ်ဆိုရင်တော့ ယူနိုက်တက်ပရိသတ်တွေအတွက် တကယ့်ကို ဝမ်းသာစရာ သတင်းကောင်းပဲ ဖြစ်ပါတယ်။