The network connection is lost.

Banner Image

အက်သလက်တီကိုမက်ဒရစ်မှ ထွက်ခွာချိန် အော်လန်ဒိုစီးတီးဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တဲ့ ဂရစ်ဇ်မန်း

အော်လန်ဒိုစီးတီးအသင်းက အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဂရစ်ဇ်မန်းကို ခေါ်ယူလိုက်ပြီလို့ အတည်ပြုကြေညာခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်ကစားသမားဖြစ်သလို ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ ဂရစ်ဇ်မန်းက အခုဘောလုံးရာသီကုန်ဆုံးချိန် အမေရိကန်မေဂျာလိဂ်(MLS)ကလပ်အသင်းဆီကို တရားဝင်ပြောင်းရွှေ့လာပါလိမ့်မယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားဖြစ်တဲ့ ဂရစ်ဇ်မန်းက ကစားသမားဘ၀နှောင်းပိုင်းမှာ အခြားတိုက်ကြီးတစ်ခုဆီ ကူးပြောင်းဖို့ အသင်းဟောင်းကို စိတ်မကောင်းခြင်းများစွာနဲ့ နှုတ်ဆက်ရပါတော့မယ်။

ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပြင်သစ်လက်ရွေးစင်ကစားသမားက ဆွေးနွေးမှုတွေမှာ အပေါင်းလက္ခဏာဆောင်ခဲ့လို့ အသင်းသစ်အတွက် အမြန်ဆုံးပွဲထွက်ကစားဖို့ မစောင့်ဆိုင်းနိုင်တော့ဘူးလို့ ဆိုပါတယ်။

"အော်လန်ဒိုစီးတီးနဲ့အတူ ကျွန်တော့်ရဲ့ကစားသမားဘဝ အခန်းကဏ္ဍသစ်တစ်ခုကို စတင်ရမှာဖြစ်လို့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ကလပ်အသင်းနဲ့ စတင်စကားပြောဖြစ်ကတည်းက သူတို့ရဲ့ မြင့်မားတဲ့ ရည်မှန်းချက်တွေနဲ့ အနာဂတ်အတွက် ရှင်းလင်းတဲ့ မျှော်မှန်းချက်တွေကို ကျွန်တော်ခံစားမိခဲ့ပြီး ဒါက ကျွန်တော့်ကို တကယ်ပဲ ဆွဲဆောင်နိုင်ခဲ့ပါတယ်" လို့ ဂရစ်ဇ်မန်းက ပြောပါတယ်။

"အော်လန်ဒိုကို ကျွန်တော့်ရဲ့အိမ်အသစ်အဖြစ် သတ်မှတ်ဖို့၊ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့၊ Inter&Co ကွင်းကြီးထဲမှ အားပေးသံတွေကို ခံစားဖို့နဲ့ အသင်းအောင်မြင်မှုတွေ ရရှိနိုင်အောင် ကျွန်တော့်ဘက်က အစွမ်းကုန် ကြိုးစားသွားဖို့ မျှော်လင့်နေပါတယ်" လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

ဂရီးဇ်မန်းက အတိတ်မှာ LAFC၊ ချီကာဂိုဖိုင်းယားနဲ့ အင်တာမီယာမီတို့လို အမေရိကန်ကလပ်အသင်းတွေနဲ့ သတင်းတွေ ထွက်ခဲ့ဖူးပေမဲ့ ဥရောပမှထွက်ခွာဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့ အော်လန်ဒိုစီးတီးအသင်းကပဲ သူ့ရဲ့ စိတ်ဝင်စားမှုကို ရရှိသွားခဲ့ပါတယ်။

အော်လန်ဒိုစီးတီးအသင်းပိုင်ရှင်ဖြစ်သူမာ့ခ်ဝစ်လ်ဖ်ကလည်း ဂရစ်ဇ်မန်းရောက်ရှိလာမှုကို အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံးအပြောင်းအရွှေ့တွေအနက် တစ်ခုအဖြစ် တင်စားသွားခဲ့ပါတယ်။

"ဂရစ်ဇ်မန်းကို အော်လန်ဒိုဆီ ခေါ်ယူနိုင်တာဟာ ကျွန်တော်တို့အသင်းအတွက်တင်မဟုတ်ဘဲ ဒီမြို့တော်၊ ပရိသတ်တွေနဲ့ မေဂျာလိဂ်ပြိုင်ပွဲအတွက်ပါ အရေးပါတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။"

"သူက ဒီမျိုးဆက်ရဲ့ ပါရမီအရှိဆုံး၊ အအောင်မြင်ဆုံးနဲ့ သြဇာအရှိဆုံး ကစားသမားတွေအနက် တစ်ဦးဖြစ်ပြီး အော်လန်ဒိုစီးတီးကို သူရွေးချယ်လိုက်မှုက ကျွန်တော်တို့အသင်းရဲ့လုပ်ဆောင်ချက်နဲ့ အစဉ်အလာပိုင်းကို ထင်ဟပ်စေပါတယ်။ ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်က နှစ်စဉ်နှစ်တိုင်း ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းတစ်ခုဖြစ်အောင် အမြဲမပြတ်တည်ဆောက်သွားဖို့ဖြစ်ပြီး ဂရစ်ဇ်မန်းလို ကမ္ဘာ့အဆင့်မီကစားသမားတစ်ဦးကို အသင်းဆီထည့်သွင်းနိုင်မှုက အသင်းရဲ့ရည်မှန်းချက်တွေအပေါ် ကျွန်တော်တို့ရဲ့ယုံကြည်မှုကို ပိုမိုခိုင်မာစေပါတယ်" လို့ ဆိုပါတယ်။