The network connection is lost.

Banner Image

ကာရာဘောင်ဖလား ဗိုလ်လုပွဲရလဒ်က ပရီးမီးယားလိဂ် ချန်ပီယံလုပွဲအပေါ် သက်ရောက်မှုရှိမှာမဟုတ်ကြောင်း ရွန်းနီ ပြောကြား

အာဆင်နယ်အသင်းရဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲ ရှုံးနိမ့်မှုဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား လုပွဲအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ပရီမီယာလိဂ် ဂန္ထဝင်ကစားသမား ဝိန်းရွန်းနီက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ အာတီတာရဲ့ အာဆင်နယ်အသင်းကို အနိုင်ယူပြီးနောက် မန်စီးတီးနောက်ခံလူ နီကိုအိုရိုင်းလီက ချန်ပီယံဆုအတွက် အာဆင်နယ်ကို အမီလိုက်ဖို့ အခွင့်အရေးရပြီလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

လောလောဆယ်မှာ အာဆင်နယ်ဟာ ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးထက် ၉ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပေမဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် သူတို့ရဲ့ ချန်ပီယံဖြစ်နိုင်ခြေအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။

ရာသီပိတ်ဖို့ ၇ ပွဲပဲ ကျန်တော့တဲ့အချိန်မှာ အဆုံးအဖြတ်ပေးရမယ့် အချက်တွေ အများကြီး ရှိနေပါသေးတယ်။ အရေးပါတဲ့ပွဲတစ်ပွဲမှာ ရှုံးနိမ့်ခဲ့တာကိုသာ အမြန်မေ့ဖျောက်နိုင်မယ်ဆိုရင် ဒီဗိုလ်လုပွဲရလဒ်က အာဆင်နယ်အပေါ် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူးလို့ ရွန်းနီက ယုံကြည်နေပါတယ်။

"ကျွန်တော်ကတော့ ဘာမှသက်ရောက်မှု ရှိမယ်လို့ မထင်ပါဘူး။ အာဆင်နယ်က လက်ရှိမှာ တကယ်ကို ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေဆဲပါ။ ရာသီရဲ့ ဒီလိုအချိန်မျိုးမှာ ရှိသင့်တဲ့ အကောင်းဆုံး အခြေအနေမှာ ရှိနေတာပါ" လို့ ရွန်းနီက ဆိုပါတယ်။

"မန်စီးတီးအနေနဲ့ အာဆင်နယ်ကို ကျော်တက်ချင်တယ်ဆိုရင် ကျန်တဲ့ပွဲတွေအားလုံး အနိုင်ကစားရမှာဖြစ်သလို အာဆင်နယ်ကလည်း ၇ မှတ်လောက် အမှတ်လျော့ပေးဖို့ လိုပါလိမ့်မယ်။ ဒါ့အပြင် မန်စီးတီးက သူတို့အိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်ကစားဖို့လည်း လိုအပ်ပါလိမ့်မယ်။ ဒါကြောင့် ဒါဟာ မန်စီးတီးအတွက် တကယ်ကို ခက်ခဲတဲ့အလုပ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ပေမဲ့ အာဆင်နယ်အနေနဲ့ ဒီရှုံးနိမ့်မှုကို မေ့ပစ်ပြီး အမြန်ဆုံး ရှေ့ဆက်နိုင်ဖို့ပဲ လိုအပ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

ဆက်လက်ပြီး ရွန်းနီက "သူတို့ နိုင်ပွဲတွေ ပြန်ရပြီး ချန်ပီယံဆုကို အဆုံးအထိ ဆုပ်ကိုင်သွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အာဆင်နယ်က အခုလို အနေအထားကနေ ချန်ပီယံဆု လက်လွှတ်ရလောက်အောင်အထိ ညံ့ဖျင်းမယ့်အသင်း မဟုတ်ပါဘူး။ သူတို့က တကယ်ကို တော်သလို၊ စွမ်းဆောင်ရည်လည်း ကောင်းတယ်၊ ခံစစ်ပိုင်းကလည်း တောင့်တင်းလွန်းပါတယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ကျန်ရှိနေတဲ့ ၂၁ မှတ်ထဲကနေ အမှတ်တွေ အတတ်နိုင်ဆုံး ရယူဖို့ ကြိုးစားနေကြတဲ့ ဒီနှစ်သင်းဟာ လာမယ့် ဧပြီလ ၁၉ ရက်၊ တနင်္ဂနွေနေ့မှာ ထပ်မံရင်ဆိုင်ရမှာဖြစ်ပြီး အဲဒီပွဲဟာ ချန်ပီယံဆုအတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။

ပရီမီယာလိဂ်မှာ သုံးနှစ်ဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်ဟာ အခုနှစ်မှာတော့ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင် ချန်ပီယံဆုကို အရယူဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။