နောက်တစ်ကြိမ်မှာ တော့တင်ဟမ်ဖြစ်လာမလား? ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အံ့အားသင့်ဖွယ်တန်းဆင်းသွားခဲ့ရတဲ့ အသင်းခြောက်ခု
လတ်တလောမှာ တော့တင်ဟမ်က အခြေအနေအတော်လေးဆိုးရွားနေပြီး ဘယ်လိုမှမထင်မှတ်ထားလောက်အောင် ပရီးမီးယားလိဂ်နဲ့ဝေးကွာရမယ့် အခြေအနေဆီ အရှိန်အဟုန်ဖြင့် ဦးတည်လာနေပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ တန်းဆင်းဇုန်ပြိုင်ဘက်နော်တင်ဟမ်ဖောရက်စ်ကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်က လိဂ် ၁၃ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ အဆင့်-၁၇ နေရာမှာ ရပ်တည်ကာ တန်းဆင်းဇုန်နဲ့တစ်မှတ်သာ ကွာဟပါတော့တယ်။
ဒါက ပြီးခဲ့တဲ့ရာသီ၊ ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ တော့တင်ဟမ်အတွက် ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပထမဆုံးအကြိမ်(၁၉၇၆-၇၇ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်) တန်းဆင်းရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရခြင်းလည်း ဖြစ်ပါတယ်။
တကယ်တော့ အတိတ်မှာ အသင်းကြီးတွေလည်း တန်းဆင်းခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။ ဒါကြောင့် လူအများအံ့အားသင့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်တန်းဆင်းမှုခြောက်ခုကို ဖော်ပြပေးလိုက်ပါတယ်။
မစ်ဒယ်ဘရော့ (၁၉၉၆-၁၉၉၇)
မစ်ဒယ်ဘရော့အတွက် ၁၉၉၆-၁၉၉၇ ဘောလုံးရာသီက အတက်အကျအလွန်များခဲ့တဲ့ရာသီတစ်ခုလို့ ပြောမယ်ဆိုရင်တောင် နည်းနေပါသေးတယ်။ နည်းပြ ဘရိုင်ယန်ရော့ဘ်ဆင်ဦးဆောင်တဲ့ဒီအသင်းက လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲတွေအထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ ဗိုလ်လုပွဲနှစ်ရပ်လုံး ရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဂျူနင်ဟို၊ အီမာဆင်နဲ့ ရာဗန်နယ်လီတို့လို ကြယ်ပွင့်ကစားသမား ၃ ဦးရဲ့ အကူအညီနဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နိုင်လောက်တဲ့ ရမှတ်တွေ ရှိခဲ့ပေမဲ့ ဘာကြောင့် တန်းဆင်းသွားရတာလဲ? ဒါကတော့ ဒဏ်ရာပြဿနာနဲ့ ဖျားနာမှုတွေကြောင့်ဒီဇင်ဘာလအတွင်း ဘလက်ဘန်းနဲ့ပွဲစဉ်ကို မကစားနိုင်ခဲ့လို့ ရမှတ် ၃ မှတ် ဖြတ်တောက်ခံရမှုကြောင့် ဖြစ်ပါတယ်။ အမှတ်သာအဖြတ်မခံရဘူးဆိုရင် သူတို့က တန်းဆင်းဇုန်မှ တစ်မှတ်အကွာနဲ့ တန်းဆင်းရမယ့်အန္တရာယ်ကို ရှောင်လွှဲနိုင်ပါလိမ့်မယ်။
ဘလက်ဘန်း (၁၉၉၈-၁၉၉၉)
၁၉၉၅ ခုနှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖလား ရယူနိုင်ခဲ့တဲ့ ဘလက်ဘန်းက ချန်ပီယံဖြစ်ပြီးမှ တန်းဆင်းသွားခဲ့တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ ရာသီအစမှာ ရလဒ်တွေဆိုးရွားခဲ့သလို ယူအီးအက်ဖ်အေဖလားပြိုင်ပွဲရဲ့ပထမအဆင့်မှာတင် ထွက်ခွာလာရပါတယ်။ ရာသီဝက်ကာလမှာ ရွိုင်းဟော့ဒ်ဆန်နေရာကို ဘရိုင်ယန်ကစ်ဒ်နဲ့ အစားထိုးခဲ့ပေမဲ့ သရေပွဲတွေ အရမ်းများခဲ့လို့ သူတို့တွေတန်းဆင်းဖို့အတွက် အဆုံးအဖြတ် ဖြစ်လာခဲ့ပါတယ်။
ဝက်စ်ဟမ်း (၂၀၀၂-၂၀၀၃)
အဲ့ဒီအချိန်တုန်းက ဝက်စ်ဟမ်းအသင်းမှာ ဒီကာနီယို၊ ဂျိုးကိုးလ်နဲ့ ဒီဖိုးတို့လို ထိပ်တန်းကစားသမားတွေ အများကြီး ရှိနေခဲ့ပါတယ်။ ရှေ့ရာသီမှာ အဆင့် ၇ အထိ ရရှိခဲ့ပေမဲ့ အဲ့ဒီဘောလုံးရာသီမှာတော့ လိဂ် ၂၄ ပွဲကစားပြီးချိန် သုံးပွဲသာ အနိုင်ရရှိတဲ့အထိ ရုန်းကန်ခဲ့ရပါတယ်။ နည်းပြဂလင်းရိုဒါ နာမကျန်းဖြစ်မှုကလည်း အခြေအနေကို ပိုဆိုးစေခဲ့ပါတယ်။ ထရီဗာဘရွတ်ကင်းက ယာယီနည်းပြအဖြစ် တာဝန်ယူပြီး လက်ကျန် ၁၁ ပွဲမှာ ၁ ပွဲသာ အရေးနိမ့်ခဲ့ပေမဲ့ ရာသီနောက်ဆုံးပွဲမှာတော့ သူတို့ရဲ့ ၁၀ နှစ်ကြာ ပရီးမီးယားလိဂ်ခရီးစဉ် အဆုံးသတ်သွားခဲ့ပါတယ်။ ဝက်စ်ဟမ်းက အဲဒီရာသီမှာ ရမှတ် ၄၂ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး ဒါက ၃၈ ပွဲကစားရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ တန်းဆင်းသွားတဲ့အသင်းတွေအနက် ရမှတ်အများဆုံးစံချိန်လည်း ဖြစ်ပါတယ်။
လိဒ် (၂၀၀၃-၂၀၀၄)
လိဒ်က ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ ငွေကြေးအများအပြားသုံးစွဲခဲ့ပြီး ၂၀၀၁ ခုနှစ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဗီဒူကာ၊ ရော်ဘီဖောင်လာနဲ့ ရော်ဘီကိန်းတို့လို ကြယ်ပွင့်တွေကို ခေါ်ယူခဲ့သလို ရီယိုဖာဒီနန်ကိုလည်း အဲဒီကာလ၊ ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူအဖြစ် ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၂ ခုနှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ပြီးနောက် ငွေကြေးအကျပ်အတည်းကို ကစားသမားတွေပြန်ရောင်းချခြင်းဖြင့် ဖြေရှင်းခဲ့ပြီး အသင်းရဲ့ခြေစွမ်းလည်း ကျဆင်းသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လိဒ်က ရာသီကုန်ဖို့ ၂ ပွဲအလို မေလမှာတင် တန်းဆင်းဖို့ သေချာသွားခဲ့ပါတယ်။
နယူးကာဆယ် (၂၀၀၈-၂၀၀၉)
နယူးကာဆယ်ရဲ့ ၂၀၀၈-၂၀၀၉ ဘောလုံးရာသီအခြေအနေကတော့ နည်းပြတွေ တစ်ဦးပြီးတစ်ဦး ပြောင်းလဲခဲ့ခြင်း ဖြစ်ပါတယ်။နောက်ဆုံးမှာ အသင်းဂန္ထဝင် အလန်ရှီးယားက နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ အသင်းရဲ့ကစားသမားအပြောင်းအရွှေ့ကိစ္စတွေအပေါ် စိတ်ပျက်ပြီး ကီဗင်ကီးဂန်း နုတ်ထွက်သွားမှုမှ စတင်ကာ ကြားထဲမှာ ကျန်းမာရေးကြောင့် ဂျိုးကင်နီးယားနုတ်ထွက်ခဲ့သလို ခရစ်ဟူတန်လည်း နှစ်ကြိမ်တိုင်တိုင်တာဝန်ယူခဲ့ပေမဲ့ ရလဒ်တွေ ဆိုးရွားခဲ့ပါတယ်။ အလန်ရှီးယားကို နောက်ဆုံး ၈ ပွဲအတွက် နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမဲ့ တစ်ပွဲသာ အနိုင်ရရှိခဲ့ပြီး တန်းဆင်းဇုန်လွတ်မြောက်ဖို့ တစ်မှတ်အလို၊ အဆင့်-၁၈ နေရာနဲ့ တန်းဆင်းသွားခဲ့ပါတယ်။
လက်စတာ (၂၀၂၂-၂၀၂၃)
၂၀၁၆ ခုနှစ်၊ ပုံပြင်ဆန်ဆန်ပရီးမီးယားလိဂ်ချန်ပီယံအောင်ပွဲနဲ့ ၂၀၂၁ ခုနှစ်၊ အက်ဖ်အေဖလားအောင်မြင်မှုတို့ကြောင့် လက်စတာကိုတော့ အမြဲတမ်းအမှတ်ရနေပါလိမ့်မယ်။ သူတို့က ဥရောပဝင်ခွင့်အတွက် အမြဲတိုက်ပွဲဝင်နေခဲ့ပေမဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ တန်းဆင်းဇုန်ဆီ ကျရောက်သွားခဲ့ပါတယ်။ ကစားသမားလစာပေးချေမှု မြင့်မားခြင်းနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အသင်းပိုင်ရှင်တွေ ထိခိုက်မှုရှိခဲ့လို့ မက်ဒီဆင်၊ ဗာဒီနဲ့ တိုင်လီမန်းစ်တို့လို ကစားသမားတွေအပြင် လူသစ်ထပ်မဖြည့်နိုင်ခဲ့ပါဘူး။ ရာသီအစမှာ ရလဒ်တွေ အရမ်းဆိုးရွားခဲ့ပြီး နောက်ဆုံးပွဲစဉ်မှာ ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့ပေမဲ့ တန်းဆင်းရမယ့်ဘေးကို မရှောင်လွှဲနိုင်ခဲ့ပါဘူး။ အခုဆိုရင်လည်း သူတို့က အမှတ်လျော့ခံထားရလို့ ချန်ပီယံရှစ်မှ လိဂ်ဝမ်း (League One)ဆီ ထပ်မံတန်းဆင်းရမယ့် အန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရပါတယ်။