ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ကီပါကို ပွဲထုတ်ခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို ကာရေဂါဝေဖန်
လီဗာပူးဂန္တဝင်ကာရေဂါဟာ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ ကီပါကို ပွဲထုတ်ခဲ့တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့၊ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲမှာ အာတီတာက ပုံမှန်ပွဲထွက်ဂိုးသမားဒေးဗစ်ရာယာအစား အရန်ဂိုးသမားကီပါကို ပွဲထုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီဆုံးဖြတ်ချက်ကြောင့် အသင်းအတွက် အမှားအယွင်း ဖြစ်စေခဲ့ပါတယ်။
ပွဲချိန် မိနစ် ၆၀ မှာ ကီပါရဲ့ဆိုးရွားတဲ့အမှားမှတစ်ဆင့် အိုရွိုင်လေရဲ့အဖွင့်ဂိုး ပေါ်ပေါက်လာခဲ့ပါတယ်။ ပွဲချိန်တလျှောက်လုံးမှာလည်း ကီပါဆီမှ အားကိုးလောက်စရာစွမ်းဆောင်မျိုး မမြင်တွေ့ရဘဲ အာဆင်နယ်ရဲ့ဖလားလေးလုံးမျှော်လင့်ချက် ပျက်သုဉ်းသွားမှုကို ပရိသတ်တွေ လက်မှိုင်ချကြည့်ရှုခဲ့ရပါတယ်။
ဒီပွဲစဉ်က အာဆင်နယ်အတွက် နောက်ဆုံးခြောက်နှစ်တာကာလအတွင်း ပထမဆုံးအဓိကဆုဖလားရရှိဖို့ အခွင့်အရေး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အသင်းရဲ့နံပါတ် ၁ ဂိုးသမား ရာယာကို ချန်လှပ်ပြီး ကီပါကို သုံးခဲ့တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက်အပေါ် ကာရေဂါက အားမနာတမ်းဝေဖန်ခဲ့ခြင်း ဖြစ်ပါတယ်။
"ဗိုလ်လုပွဲလိုမျိုးမှာ ဒုတိယဂိုးသမားကို သုံးတာနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြတ်သားတဲ့ အမြင်ရှိပါတယ်။ ကျွန်တော် ဒါကို မကြိုက်ပေမဲ့ တချို့အခြေအနေတွေမှာတော့ နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ အာတီတာက ကီပါအပေါ် ဘာအကြွေးမှ ပေးဆပ်စရာ မရှိပါဘူး။ အာတီတာကိုယ်တိုင် ပေးဆပ်ရမယ့်သူတွေက ခြောက်နှစ်တာကာလအတွင်း ပထမဆုံးဆုဖလားရရှိဖို့ မျှော်လင့်နေတဲ့ အာဆင်နယ်ပရိသတ်တွေကိုပဲ ဖြစ်ပါတယ်။ အာဆင်နယ်က ကိုးနှစ်အတွင်းမှာ ဖလားတစ်လုံးပဲ ရထားတာပါ" လို့ ကာရေဂါက ပြောပါတယ်။
"ဂိုးသမားတစ်ယောက်အတွက် သူက အရန်ဂိုးသမားပဲဆိုတာ သိပြီးမှ အသင်းဆီ ရောက်ရှိလာတာပါ။ ရှေ့အဆင့်ပွဲစဉ်တွေမှာ သူ ကစားခွင့်ရနိုင်ပေမဲ့ ဗိုလ်လုပွဲရောက်လာပြီဆိုရင်တော့ ဒါကို ပြောင်းလဲရပါမယ်။ အသင်းက ဖလားတွေ အများကြီးရရှိထားတာမဟုတ်လို့ ဗိုလ်လုပွဲမှာတော့ ဖလားရဖို့ အသေချာဆုံးဖြစ်အောင် လုပ်ရပါမယ်" လို့ ၎င်းက ဆက်ပြောပါတယ်။
ကာရေဂါက အခုလိုဝေဖန်ခဲ့ပေမဲ့ တစ်ဖက်မှာတော့ မန်စီးတီးရဲ့ ဒုတိယဂိုးသမားဂျိမ်းစ်ထရက်ဖို့ဒ်က ဗိုလ်လုပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ဂိုးမပေးရအောင် ကာကွယ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ယာဂန်ကလော့ပ်လက်ထက်မှာ အလီဆင်အစား ကလယ်ဟာကို အသုံးပြုပြီး အောင်မြင်ခဲ့တဲ့ လီဗာပူးရဲ့အခြေအနေကိုလည်း ကာရေဂါက နှိုင်းယှဉ်ပြောပြခဲ့ပါတယ်။
"တချို့က လီဗာပူးရဲ့ကလယ်ဟာကို ဥပမာပေးပြီး ငြင်းကြပါလိမ့်မယ်။ ဗိုလ်လုပွဲတွေမှာ ကလယ်ဟာကစားခွင့်ရရှိတယ်ဆိုတာ လီဗာပူးက သူ့ကို အသင်းမှာ ဆက်ရှိနေစေချင်လို့ အခွင့်အရေး ပေးတာပါ။ ကီပါနဲ့တော့ အခြေအနေချင်း လုံးဝမတူပါဘူး။ သူက ဒုတိယဂိုးသမားအဖြစ်နဲ့ပဲ အသင်းကို ရောက်လာတာပါ။ ပြီးတော့ သူက ထိပ်တန်းအဆင့်မှာ ကစားဖို့ မကောင်းဘူးဆိုတာ ချဲလ်ဆီးမှာတုန်းကလည်း ကျွန်တော်တို့ မြင်ဖူးပါတယ်"
"ဒေးဗစ်ရာယာက ပထမဂိုးသမားတင် မဟုတ်ဘဲ ဒီရာသီ၊ အာဆင်နယ်ရဲ့ အကောင်းဆုံးကစားသမားလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့် ဒါဟာ နံပါတ် ၁ နဲ့ နံပါတ် ၂ ကို လဲလိုက်တာမျိုးတင်မဟုတ်ဘဲ ဆုဖလားအောင်မြင်မှု သမိုင်းကြောင်း သိပ်မရှိသေးတဲ့အသင်းအတွက် အကောင်းဆုံးကစားသမားတစ်ဦးကို ချန်လှပ်လိုက်သလို ဖြစ်နေပါတယ်" လို့ ကာရေဂါက နိဂုံးချုပ်ဝေဖန်ခဲ့ပါတယ်။