အိုပန်ဒါနဲ့ ဒေးဗစ်ကို ရောင်းထုတ်ပြီး ကွန်ဆီကာအိုကို ဆက်ထိန်းထားဖို့ ဂျူဗင်တပ်အသင်းဆီ အကြုံပြုလိုက်တဲ့ ဒီကာနီယို
ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်းပါအိုလိုဒီကာနီယိုက လူးဝစ်အိုပန်ဒါနဲ့ ဂျိုနသန်ဒေးဗစ်တို့ကို အခုနွေရာသီမှာ အသင်းမှ ရောင်းထုတ်သင့်ပြီလို့ ပြောကြားလိုက်ပါတယ်။
အဲဒီတိုက်စစ်မှူးနှစ်ယောက်စလုံးကို ဂျူဗင်တပ်စ်အသင်းမျိုးမှာ ကစားဖို့ အရည်အချင်းမပြည့်မီဘူးလို့ သူက အခိုင်အမာဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ ဆာဆူအိုလိုနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အကြောင်း Sky Calcio နဲ့ ဆွေးနွေးရာမှာ ဒီကာနီယိုက "ပွဲမတိုင်ခင် စပယ်လက်တီကိုယ်တိုင် ရှင်းပြခဲ့ဖူးတယ်၊ ဂျရမီဘိုဂါကို ပထမ ၁၀ မီတာအတွင်းမှာ ဘယ်လိုမှ လိုက်မမီနိုင်ဘူးတဲ့။
ဒါကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ သူ့ကို ဘယ်လိုမျိုး ဟန့်တားရမလဲ၊ ဘောလုံးကို ဘယ်လိုဖြတ်ရမလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဘယ်သူတွေကို အသင်းကနေ ထုတ်ပစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး သူက "ဒေးဗစ်နဲ့ အိုပန်ဒါတို့ကို မသုံးတော့ဖို့ဆိုတာ သေချာသလောက်ပါပဲ။ ဂိုးတွေ အများကြီး မပေးရဘူးဆိုရင်တောင် သူတို့နှစ်ယောက်က ဒီအသင်းမှာ ရှိမနေသင့်တော့ပါဘူး" လို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။
ဖရန်စစ္စကို ကွန်စီကာအိုနဲ့ ပတ်သက်လို့လည်း ဒီကာနီယိုက "သူက ကစားကွက်တစ်ခုကို ဖန်တီးပေးနိုင်စွမ်းရှိပေမဲ့ ခြေစွမ်းတကယ်မတက်လာဘူးဆိုရင်တော့... ဒါက ဘောလုံးလောကရဲ့ ဆုံးဖြတ်ချက်တွေအပေါ် နားလည်မှု အားနည်းတာပါပဲ၊ ဒါ အဓိကအချက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး ပြောပြီးသားပါ" လို့ ဆိုပါတယ်။
"ဂျူဗင်တပ်ကိုယ်တိုင် တိုးတက်ချင်တယ်ဆိုရင် သူ့ကို အရန်ကစားသမားအဖြစ်နဲ့ ဆက်ထိန်းထားသင့်ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ စိတ်မပျက်စေမယ့် ကစားသမားမျိုးတွေ ရှိတတ်ကြပြီး သူက ပရော်ဖက်ရှင်နယ်ပီသသူမို့ အရန်ခုံမှတဆင့် စတင်ရရင်တောင်မှ အကောင်းဆုံးပေးဆပ်ပါလိမ့်မယ်။ ဒါပေမဲ့ ဂျူဗင်တပ်အတွက်တော့ ယီဒစ်ဇ်လိုမျိုး အားအင်အပြည့်နဲ့ တက်ကြွနေသူမျိုးကို လိုအပ်ပါတယ်" လို့ ဒီကာနီယိုက သုံးသပ်ခဲ့ပါတယ်။